တပ်မတော်တွင် အဋ္ဌမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုကို လူနာသုံးဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမနေ့အသည်းအစားထိုး ခွဲစိတ်ကုသမှုကို ဇန်နဝါရီ ၂၈ ရက်တွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) အထူးကုသမှုစင်တာ၌ ပြုလုပ်ခဲ့သည်ဟု သိရသည်။
တပ်မတော်အနေဖြင့် ပထမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် အသည်းအစားထိုး လူနာနှစ်ဦးအောင်မြင်စွာ ခွဲစိတ်ကုသမှုဆောင်ရွက်နိုင်ခဲ့သလို ၂၀၂၃ ခုနှစ်အတွင်း အသည်းအစားထိုးခွဲစိတ်ကုသမှုသုံးကြိမ်၊ လူနာကိုးဦး နှင့် ၂၀၂၄ ခုနှစ်အတွင်း လူနာကိုးဦးတို့ကို အောင်မြင်စွာထပ်မံခွဲစိတ် ကုသဆောင်ရွက်ပေးနိုင်ခဲ့သည်။
ယခု အဋ္ဌမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုကိုလည်း တပ်မတော်မှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့နှင့် အိန္ဒိယနိုင်ငံမှ အသည်းအစားထိုးခွဲစိတ် ကုသမှုအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး လူနာဖြစ်သူ တပ်ကြပ်ကြီးနေလင်းဦးနှင့် အသည်းအလှူရှင် ဆရာတော်ဥူးမာနိတတို့ကို ခွဲစိတ်ကုသခဲ့ခြင်း ဖြစ်သည်။
အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှ တာဝန်ရှိသူအရာရှိကြီးများက ကြည့်ရှုအားပေးခဲ့ပြီး ယနေ့ဇန်နဝါရီ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
