မြန်မာနိုင်ငံစာရေးဆရာအသင်း ၁၃၈၆ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက်၊ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
ယင်းအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က ငွေသားကျပ်သိန်း ၁၀၀ နှင့် ၁၂၆ သိန်းကျော်တန်ဖိုးရှိ အဝတ်အထည်များ ပေးပို့လှူဒါန်းခဲ့သည်။အလားတူ ပြန်ကြားရေးဝန်ကြီးဌာနမှ ငွေကျပ် ၂၅ သိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ် ၂၇၆ သိန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ငွေကျပ်သိန်း ၃၀၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှ ငွေကျပ် ၁၀ သိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ငွေကျပ် ၅ သိန်း အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြသည်။အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားခဲ့ပြီး မြန်မာစာပေ လောကသားတို့၏ “စာဆိုတော်နေ့” သည် သုတ၊ ရသရေးရာအဖြာဖြာကို ရေးသားခဲ့ကြသည့် စာရေးဆရာကြီး၊ စာရေးဆရာမကြီး၊ စာပေပညာရှင်ကြီးများ၊ အမြတ်တနိုးတန်ဖိုးထား ဂုဏ်ယူနေကြရသည့် နေ့ထူးနေ့မြတ်ကြီးဖြစ်ပါကြောင်း၊ အဆိုပါ မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲကို မြန်မာနိုင်ငံစာရေးဆရာအသင်းက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ကန်တော့ခံ သက်ကြီးစာပေပညာရှင် အမျိုးသား ၂၄၁ ဦးနှင့် အမျိုးသမီး ၃၅ ဦး၊ စုစုပေါင်း ၂၇၆ ဦးတို့ တက်ရောက်၍ ကန်တော့ခံခဲ့ကြောင်း သိရသည်။