အီးစီးကရက်သောက်သုံးမှုတွင် ၉၅ ရာခိုင်နှုန်း အန္တရာယ်မရှိဟု ထင်ကြေးပေးနေကြသော်လည်း ယင်းအီးစီးကရက်ထဲတွင် နီကိုတင်းအရည်နှင့် အဆိပ်အတောက်ဖြစ်စေတတ်သောပစ္စည်းများ ပါဝင်မှု အမျိုးအစား၊ ပမာဏတို့ပေါ်မူတည်ကာ အသက်ရှူလမ်းကြောင်းဆိုင်ရာ အဆုတ်နှင့်နှလုံးတို့ကို ထိခိုက်စေသည်။
အမေရိကန်နိုင်ငံ၌ အီးစီးကရက်သောက်ခြင်းနှင့် ဆက်စပ်၍ ရောဂါဖြစ်သူ ၁၂၉၉ ဦးရှိပြီး ၂၆ ဦးသေဆုံးကြောင်း အတည်ပြုထားသည်။ ယင်းနာမကျန်းဖြစ်မှုသည် THC (ခေါ်) ဆေးခြောက်၌ပါဝင်သော ဓာတ်တစ်မျိုး အသုံးပြုထားသည့် အီးစီးကရက်ဆေးရည်များကြောင့်ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလဆန်းပိုင်းတွင် အမေရိကန်ရှိသုတေသီများက ကြွက်များအား အီးစီးကရက် အငွေ့များဖြင့် လေ့လာမှုတစ်ရပ်ပြုလုပ်ခဲ့သည်။ အဆိုပါလေ့လာမှုအတွင်း ကြွက်များကို သီတင်း တစ်ပတ်လျှင် နာရီ ၂၀ ကြာ၊ သီတင်းပတ် ၅၄ ပတ်အထိ နီကိုတင်းပါဝင်သော အီးစီးကရက ်အခိုးအငွေ့များနှင့် ထိတွေ့စေပြီးနောက် ကြွက်များ၏ ၂၂ ဒသမ ၅ ရာခိုင်နှုန်းတွင် အဆုတ်ကင်ဆာတစ်မျိုး ဖြစ်ပွားကြောင်း တွေ့ရှိခဲ့သည်။
အီးစီးကရက်ငွေ့ပါဝင်သော ဓာတုပစ္စည်းများသည် ရေရှည်တွင် အဆုတ်ကိုထိခိုက် ပျက်စီးစေနိုင်သကဲ့သို့ နောက်ဆက်တွဲ ကင်ဆာရောဂါများကိုလည်း ဖြစ်ပွားစေနိုင်သည်။ အီးစီးကရက်အရည်(Vape)ကို မတော်တဆ သောက်မိခြင်း၊ တိုက်ရိုက်ရှူမိခြင်း၊ မျက်စိထဲဝင်ရောက်ခြင်းနှင့် အရေပြားပေါ် ထိခြင်းတို့ကြောင့် အန္တရာယ်ဖြစ်စေပြီး ကလေးငယ်များတွင် အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်သည်။ အီးစီးကရက် သောက်သုံးသူများထံမှ ထွက်လာသောအငွေ့များသည် ပတ်ဝန်းကျင်မှလူများကို ရှူမိစေခြင်းများကြောင့် တစ်ဆင့်ခံစီးကရက်မီးခိုးငွေ့ ရှူရှိုက်ရသကဲ့သို့ပင် အလားတူဆိုးကျိုးများကို ခံစားရနိုင်သည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်များ၊ ကလေးငယ်များနှင့်သက်ကြီးရွယ်အိုများအတွက် ယင်းတစ်ဆင့်ခံ အီးစီးကရက်မီးခိုးငွေ့များက အန္တရာယ်ဖြစ်စေနိုင်သည်။
ထို့ပြင် သုံးစွဲသူကို စွဲလမ်းစေတတ်သော နီကိုတင်းဓာတ်များ လွန်ကဲစွာ ပါဝင်နေခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများအနေဖြင့် အထူးသဖြင့် လူငယ်များတွင် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေခြင်း၊ အာရုံစူးစိုက်မှုကျဆင်းခြင်း၊ သင်ယူနိုင်စွမ်းရည်နည်းပါးလာခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။
🚭🚭🚭
❌❌❌