အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်စပ်တည်းပိတ်ပေးပြီး ပိတ်လိုက်သော ကြားရက်များအတွက်ကို စနေတစ်ရက်ပြန်အစားထိုးပေးရန် တရားဝင်သတ်မှတ်လိုက်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန်အတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်း အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များကြားရှိ ရုံးဖွင့်ရက်များကို တစ်ဆက်တည်း ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ယင်းထုတ်ပြန်ချက်အရ ပုံမှန်ပိတ်ရက်များဖြစ်သော ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် (စနေနေ့)၊ ၂၉ ရက်(တနင်္ဂနွေနေ့)၊ ၃၀ ရက်(တနင်္လာနေ့၊ ကရင်နှစ်သစ်ကူးနေ့) နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တို့ ကြားရှိ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကာ ပိတ်ရက် (၅) ရက်အထိ သတ်မှတ်လိုက်ခြင်းဖြစ်သည်။အလားတူ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက်(တပေါင်းလပြည့်နေ့)၊ ၁၅ ရက်(စနေနေ့)နှင့် ၁၆ ရက်(တနင်္ဂနွေနေ့)တို့ကြားရှိ မတ်လ ၁၄ ရက် (သောကြာနေ့) နှင့် တပေါင်းလပြည့်နေ့ ၏ရှေ့တစ်ရက်ဖြစ်သည့် မတ်လ ၁၂ ရက် (ဗုဒ္ဓဟူးနေ့)တို့ကို ရုံးပိတ်ရက်အဖြစ်သတ်မှတ်ကာ ပိတ်ရက် ၅ ရက်အထိ သတ်မှတ်ပေးထားသည်။ထို့နောက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်(စနေနေ့)၊ ၂ ရက်(တနင်္ဂနွေနေ့)နှင့် ၄ ရက် (တန်ဆောင်မုန်းလပြည့်နေ့)တို့ကြားရှိ နိုဝင်ဘာလ ၃ ရက် (တနင်္လာနေ့)ကို ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပြီး ပိတ်ရက် ၄ ရက်အဖြစ် သတ်မှတ်လိုက်သည်။ထို့ပြင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်(ခရစ္စမတ်နေ့)၊ ၂၇ ရက်(စနေနေ့) နှင့် ၂၈ ရက်(တနင်္ဂနွေနေ့)တို့ကြားရှိ ဒီဇင်ဘာလ ၂၆ ရက် (သောကြာနေ့)ကိုလည်း ရုံးပိတ်ရက်အဖြစ်သတ်မှတ်ကာ ပိတ်ရက် ၄ ရက်သတ်မှတ်ပေးထားသည်။အထက်ပါ ပိတ်ရက်ရှည်အဖြစ်သတ်မှတ်ပေးသည့် ရုံးပိတ်ရက်ရှည်များ၏ ရှေ့လာမည့် အနီးဆုံး စနေနေ့တစ်ရက်စီကို အစားထိုးရုံးတက်ရက်များအဖြစ် သတ်မှတ်မည်ဖြစ်သည်။ပထမ ရုံးပိတ်ရက် ၅ ရက်အတွက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ စနေနေ့သည် အစားထိုး ရုံးတက်ရက် ဖြစ်သော်လည်း ယင်းနေ့သည် လွတ်လပ်ရေးနေ့ဖြစ်၍ ဇန်နဝါရီလ ၁၁ ရက် (စနေနေ့)၊ ဒုတိယ ရုံးပိတ်ရက်ရှည်အတွက် မတ်လ ၂၂ ရက်(စနေနေ့)နှင့် မတ်လ ၂၉ ရက် (စနေနေ့)၊ တတိယရုံးပိတ် ရက်ရှည်အတွက် နိုဝင်ဘာလ ၈ ရက်(စနေနေ့)၊ စတုတ္ထ ရုံးပိတ်ရက်ရှည်အတွက် ၂ဝ၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်(စနေနေ့)တို့ကို အစားထိုး ရုံးတက်ရက်များအဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း သိရှိရသည်။
crd MHT