မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီသည် အာရှဖလား အမျိုးသမီးဖူဆယ်ခြေစစ်ပွဲမတိုင်မီ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းကို နည်းပြချုပ်နေရာ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး အမျိုးသားလက်ရွေးစင်ဖူဆယ်အသင်း နည်းပြချုပ် ထိုင်းနိုင်ငံသား ဘန်လက်ချာယိုဝန်ကို ပူးတွဲတာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ် အသင်းကို ၂၀၂၂ ခုနှစ် မေလတွင်ကျင်းပသည့် ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲနောက်ပိုင်း ယခုနှစ် အောက်တိုဘာမှ ပြန်လည်ဖွဲ့စည်းခဲ့ပြီး နည်းပြချုပ်အဖြစ် ဦးဌေးမြင့်ကို တာဝန်ပေးအပ်ခဲ့သည်။ MFF သည် နိုဝင်ဘာတွင် ယှဉ်ပြိုင်သည့် ၂၀၂၄ အာဆီယံ အမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲအပြီးတွင် နည်းပြချုပ်နေရာ ပြောင်းလဲခဲ့ပြီး ဦးဌေးမြင့်နေရာတွင် ဘန်လက်ချာယိုဝန်ကို တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ် အသင်းသည် ဇန်နဝါရီ ၁၅ ရက်မှ ၁၉ ရက် အထိ ရန်ကုန်မြို့၌ကျင်းပမည့် ၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ်ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဘန်လက်ချာယိုဝန် အနေဖြင့် ယင်းခြေစစ်ပွဲ ကိုင်တွယ်ရမည်ဖြစ်သည်။ မြန်မာအသင်းသည် ယင်းခြေစစ်ပွဲ တွင် ဗီယက်နမ်၊ တရုတ်တိုင်ပေ၊ မကာအို အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး ဘန်လက်ချာယိုဝန်အနေဖြင့် ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးရမည်ဖြစ်သည်။
ခြေစစ်ပွဲကို ငါးသင်း သုံးအုပ်စုနှင့် လေးသင်း တစ်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီနှင့် တတိ ယနေရာရအသင်းများအနက် အကောင်းဆုံးတစ်သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် အာရှဖလား အမျိုးသမီးဖူဆယ်ခြေစစ်ပွဲအတွက် ဒီဇင်ဘာ ၁၅ ရက်တွင် စတင်စခန်းသွင်းကာ ဒီဇင်ဘာ ၁၆ ရက်တွင် စတင်လေ့ကျင့်မည်ဖြစ်သည်။
CRD//ELEVEN