တောင်ကိုရီးယားသမ္မတအပေါ် စွပ်စွဲမှုအဆို အောင်မြင်သွားလို့ ရာထူးတာဝန်များရပ်ဆိုင်း

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးလ်အပေါ် စွပ်စွဲပြစ်တင်ရေးအဆို အောင်မြင်သွားတာကြောင့် ၎င်းသမ္မတကို ဥပဒေအရ အပ်နှင်းထားတဲ့ ရာထူးတာဝန်တွေရပ်ဆိုင်းပြီး ဝန်ကြီးချုပ်ထံလွှဲပြောင်းရမယ်လို့ သိရပါတယ်။အရေးပေါ်စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုနဲ့ပတ်သက်လို့ သမ္မတယွန်းဆွတ်ယိုးလ်အပေါ် စွပ်စွဲပြစ်တင်တဲ့အဆိုကို ပထမအကြိမ် မအောင်မြင်ခဲ့တဲ့အတွက် ဒီကနေ့(ဒီဇင်ဘာ ၁၄ ရက်)ဒေသစံတော်ချိန် ညနေပိုင်းက ဒုတိယအကြိမ်အဖြစ် ပါလီမန်မှာ မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒီတစ်ခါမှာတော့ ထောက်ခံမဲ ၂၀၄ မဲ၊ ကန့်ကွက်မဲ ၈၅ မဲ၊ ကြားနေမဲ ၃ မဲ၊ ပယ်မဲ ၈ မဲတို့နဲ့ အဆိုအောင်မြင်ခဲ့တာပါ။ယခုလို စွပ်စွဲပြစ်တင်တဲ့အဆို အောင်မြင်ဖို့အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၃၀၀ အနက်၊ အနည်းဆုံး ၂၀၀ တို့က ထောက်ခံရမှာဖြစ်ပြီး အဲဒီ ထောက်ခံမဲအနည်းဆုံး ၂၀၀ ပြည့်ဖို့ အာဏာရ PPP ပါတီလွှတ်တော်ကိုယ်စားလှယ် ၈ ဦးတို့က ထောက်ခံဖို့ လိုအပ်တာဖြစ်ပါတယ်။ ယခုအခါမှာတော့ လက်ရှိအာဏာရပါတီဆီကပါ ထောက်ခံမဲရရှိခဲ့ပြီး အဆိုအောင်မြင်ခဲ့ပြီဖြစ်လို့ သမ္မတယွန်းကို ရာထူးမှဖြုတ်ချဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဆက်လက်ဆုံးဖြတ်ရ‌တော့မှာပါ။အဲဒီလို ခုံရုံးက စဉ်းစားသုံးသပ်စဉ်ကာလအတွင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေက အပ်နှင်းထားတဲ့ သမ္မတရဲ့အာဏာတွေကို ဆိုင်းငံ့ထားမှာဖြစ်ပြီး အစိုးရအဖွဲ့မှာ ဒုတိယရာထူးအမြင့်ဆုံးဖြစ်တဲ့ ဝန်ကြီးချုပ်က သမ္မတတာဝန်ကို ထမ်းဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

#𝙈𝙃𝙏𝙉𝙀𝙒𝙎

Leave a Reply

Your email address will not be published. Required fields are marked *