တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ အစည်းအဝေး (၁၆) ကြိမ်အထိ ဆုံးဖြတ်ချက် (၅၆၀) ချက် ချမှတ်ဆောင်ရွက်နိုင်ခဲ့ပြီး ဖမ်းဆီးရရှိမှုများအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ (၂) နှစ်နှင့် (၁၁) လ ကာလအတွင်း ဖမ်းဆီးရမိအမှုတွဲပေါင်း (၁၇၂၅၈) မှုရှိခဲ့ကာ ယင်းမှ ခန့်မှန်းငွေကျပ် (၃၇၉ ဒသမ ၂၄၇) ဘီလီယံတန်ဖိုးရှိ တရားမဝင်ကုန်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၀ ရက်၊ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပသည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖမ်းဆီးရရှိမှုများထဲတွင် မန္တလေးတိုင်းဒေသကြီးကအများဆုံးဖြစ်ပြီး ကရင်ပြည်နယ်က ဒုတိယအများဆုံးနှင့် ကချင်ပြည်နယ်က တတိယအများဆုံး ဖမ်းဆီးရမိခဲ့သည်ကိုတွေ့ရှိရသလို ကုန်ပစ္စည်းအုပ်စုအလိုက် ဖမ်းဆီးရရှိမှုများကို စိစစ်ရာတွင် လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများက အများဆုံးဖြစ်ပြီး လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားမဝင်ကုန်စည်တင်မော်တော်ယာဉ် ဖမ်းဆီးရရှိမှုများက ဒုတိယအများဆုံးနှင့် တတိယအများဆုံးသည် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများဖြစ်သည်ဟုဆိုသည်။