NUG က BNRA ခေါင်းဆောင် နဂါးကို လုပ်ကြံရန် သို့မဟုတ် ဖမ်းဆီးရန် ကြံနေကြောင်း နဂါးက သူ၏ လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် အချက်အလက်များနှင့် ဖွင့်ချ အသိပေးထားချက်အရ သိရသည်။
နဂါးဦးဆောင်သည့် BNRA နှင့် ပူးပေါင်းအဖွဲ့များသည် ပုလဲမြို့ကို အင်အားအလုံးအရင်းဖြင့် (၄)ရက်ခန့်အကြာဝင်ရောက်တိုက်ခဲ့သော်လည်း တပ်မတော်၏လေကြောင်းပစ်ကူကြောင့် အထိနာ၍ ပုလဲမြို့မှ ပြန်လည်ဆုတ်ခွာခဲ့ရသည်။NUG နှင့် မကြာခဏ ပြဿနာဖြစ်ပွားလေ့ရှိသော နဂါးသည် ယခုအခါ NUG ၏ ၎င်းအပေါ် သဘောထားအကြောင်းကို အတိအလင်း တင်လာခဲ့ခြင်းလည်းဖြစ်သည်။
“မြန်မာ့နိုင်ငံရေးဓလေ့ထုံးတမ်းလား ခေတ်တခေတ်စာပြယုဂ်လား လူတစုရဲ့နိုင်ငံရေးသစ္စာလား မဟုတ်ပါစေနဲ့ဆုတောင်းရမလား သို့မဟုတ် ကြိုပြီးနှုတ်ဆက်ထားရမလားပဲ။ လူရွှင်တော်ဦးမိုးဒီပြောသလို ဒီဇာတ်လမ်း ငါသိတယ်ဆိုတာမျိုး။ ဆက်ပြီးကကြရုံပေါ့ဗျာ” ဟူသော စာသားကို အခြားသူများက နဂါးထံ အွန်လိုင်းကတဆင့် စာပို့ အသိပေးထားသည့် Screen Shot ဓာတ်ပုံများဖြင့် တင်လာခဲ့ခြင်းဖြစ်သည်။
အဆိုပါဓာတ်ပုံများအတွင်း NUG ဘက်က နဂါးအား ဖမ်းဆီးရန် သို့မဟုတ် သိက္ခာကျစေရန် ထိုထက် ပို၍ လုပ်ကြံရန် သတိပေးသည့်အချက်အလက်များ ပါဝင်ပြီး သတိပေးသူများက အချက်အလက် အတိအကျဖြင့် သတင်းပေးထားသည့် စာများအား ၎င်း၏ လူမှုကွန်ယက်တွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။