ဂျပန်၏ ဝန်ကြီးချုပ် ရှီဂီရူအီရှီဘာသည် အောက်လွှတ်တော်အစည်းအဝေးအတွင်း အိပ်ပျော်နေသည့် ဗီဒီယိုမှတ်တမ်းထွက်ပေါ်လာခဲ့ပြီးနောက် ဝေဖန်ခံနေရကြောင်း Kyodo သတင်းတွင် ဖော်ပြခဲ့သည်။
လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ အီရှီဘာသည် ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးကောက်ခံရသည့် လွှတ်တော်တွင်း မဲပေးချိန်အတွင်း အိပ်ပျော်နေသည့် ဗီဒီယိုမှတ်တမ်းထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
သူသည် မဲရေတွက်ချိန်တွင် မျက်လုံးကိုမှိတ်ပြီး ခေါင်းငိုက်စိုက်ကျနေသည့် မြင်ကွင်းကို ဗီဒီယိုမှတ်တမ်းတွင် မြင်တွေ့ရပြီးနောက် လူမှုမီဒီယာအသုံးပြုသူများက ဝေဖန်ခဲ့ကြခြင်းဖြစ်သည်။
“သူသာ တကယ်အိပ်ပျော်သွားခဲ့တယ်ဆိုရင် ဒါက သူ့ရဲ့ စိတ်အားထက်သန်မှုမရှိတာကို ပြသလိုက်တာဖြစ်ပါတယ်” ဟု Constitutional Democratic ပါတီ၏ လွှတ်တော်အမတ်တစ်ဦးက ဝေဖန်ခဲ့သည်။
ဂျပန်အစိုးရအဖွဲ၏ ပြောရေးဆိုခွင့်ရှိသူကမူ ဝန်ကြီးချုပ် အီရှီဘာသည် အနည်းငယ်နာမကျန်းဖြစ်နေသဖြင့် အဖျားပျောက်ဆေးသောက်ထားခြင်းကြောင့် အိပ်ငိုက်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့သည်။
အသက် ၆၇ နှစ်အရွယ် အီရှီဘာသည် ပင်ပန်းနွမ်းနယ်နေပုံပေါ်သဖြင့် အလွန်နာမကျန်းဖြစ်နေသည်ဆိုသည့် ထင်ကြေးပေးမှုများကိုလည်း အစိုးရအဖွဲအတွင်းဝန် ယိုရှီမာဆာဟာယာရှီက ငြင်းဆိုခဲ့သည်။
“ဝန်ကြီးချုပ်က နေ့တိုင်း အလုပ်တွေအများကြီးလုပ်နေရပါတယ်။ ညဘက်ဆိုလည်း နောက်ကျတဲ့အထိ အလုပ်လုပ်ရပါတယ်။ ရာသီဥတုအခြေအနေအရ သူဟာ အဖျားပျောက်ဆေးသောက်ထားတာကြောင့် အနည်းငယ်ရီဝေဝေဖြစ်နေတယ်လို ကျွန်တော်ကြားပါတယ်။ ဒါပေမယ့် သူ့ကျန်းမာရေးနဲ့ပတ်သက်ပြီး ကြီးကြီးမားမားပြဿနာမရှိပါဘူး” ဟု ဟာယာရှီက ပြောကြားခဲ့သည်။