အီရန်နဲ့အစ္စရေးဆိုတာ သမိုင်းကြောင်းအရ ရှေးယခင်ကတည်းက ရန်ဘက်နိုင်ငံတွေပါ။ ဒါပေမယ့် သမိုင်းမှာတော့ နှစ်နိုင်ငံအကြားမှာ တိုက်ရိုက်ဖြစ်ပွါးခဲ့တဲ့ စစ်ပွဲလိုမျိုးမရှိဘဲ အကန့်အသတ်လောက်နဲ့ တိုက်ခိုက်တာပဲပြုလုပ်ကြပါတယ်။
လက်ရှိဖြစ်ပွါးခဲ့တဲ့ အီရန် – အစ္စရေး စစ်ပွဲကို လေ့လာကြည့်ရင် အီရန်က အစ္စရေးကို ဒုံးပျံတွေနဲ့ တိုက်ခိုက်တာဟာ တစ်ကမ္ဘာလုံးက ထိတ်လန့်ရလောက်အောင် ကြီးမားပါတယ်။ သို့ပေမယ့် ခုလို တာတိုပစ် ဒုံးပျံတွေနဲ့တိုက်ခိုက်တာဟာ အစ္စရေးကို အကြီးအကျယ် ပျက်စီးစေအောင်လို့ ရည်ရွယ်ပြီး တိုက်ခိုက်တာမျိုး မဟုတ်ဘဲနဲ့ အစ္စရေးက မြို့တော် တီဟီရန်ထဲမှာရှိတဲ့ ဟားမတ်စ်ခေါင်းဆောင် Ismail Haniyeh နဲ့ ဘေရွတ်မြို့မှာရောက်နေတဲ့ ဟစ်ဇ်ဘိုလာခေါင်းဆောင် Hassan Nasrallah တို့အပြင် အီရန် ဗိုလ်ချုပ်ကြီးတစ်ဦးကို လုပ်ကြံသတ်ဖြတ်ခံရမှုအပေါ် လက်တုံ့ပြန်ရုံလောက်ပဲ ဖြစ်ပါတယ်။
အီရန်နိုင်ငံရဲ့ ဒုံးပျံတွေနဲ့ တိုက်ခိုက်မှုမှာ တိုက်ခိုက်ခံရတဲ့အစ္စရေးကိုယ်တိုင်ရော တစ်ကမ္ဘာလုံးရော သိသွားရတာ သုံးခုရှိပါတယ်။
ဒါတွေကတော့
၁။ အီရန်က ပုံမှန်တွေ့နေကျနိုင်ငံတွေလို လေနဲ့ပဲ ပြောနေတာ မဟုတ်ဘဲ နိုင်ငံတွေဖြတ်ကျော်ပစ်ခတ်ရတဲ့ ဒုံးပျံတွေနဲ့ တစ်ကယ်ပြန်လုပ်တယ် လိုအပ်ရင် ဒီထက်ပြင်းထန်ပြီးများပြားတဲ့ အသံထက်မြန်တဲ့ဒုံးပျံတွေနဲ့ထပ်မံတိုက်ခိုက်မှာဖြစ်တယ်လို့ ရုပ်မြင်သံကြားတွေမှာပြောကြားထားပါတယ်။
၂။ အီရန်ရဲ့ ဒုံးပျံတွေဟာ အစ္စရေးနဲ့ အနောက်မဟာမိတ်နိုင်ငံတွေရဲ့ ကောင်းလှပါတယ်ဆိုတဲ့ ဒုံးပျံကာကွယ်ရေးစနစ်တွေကို အလွယ်တကူပဲထိုးဖောက်နိုင်ခဲ့ပါတယ်။
၃။ အီရန်အနေနဲ့ သူ့လူတွေကို ထပ်ထိရင် ထပ်ပြီးတိုက်ခိုက်ဦးမှာဖြစ်သလို ဒေသတွင်းမှာ အစ္စရေးနိုင်ငံရဲ့ လက်နက်နည်းပညာအားကိုးအနိုင်ကျင့်လူတွင်ကျယ်လုပ်မှုကို သူတို့ ကိုလာမလုပ်နဲ့ ဆိုတဲ့ သတင်းစကားကို နှစ်ကြိမ်တောင် ပါးလိုက်တာလည်းဖြစ်ပါတယ်။
အစ္စရေးက အီရန်နိုင်ငံအပေါ်လက်တုန့်ပြန်မယ်လို့ ခြိမ်းခြောက်နေပေမယ့်လည်းလက်ရှိအမေရိကန်
အစိုးရကထိန်းထိန်းသိမ်းသိမ်းလုပ်နေတဲ့အတွက် ကမ္ဘာကိုရိုက်ခတ်သွားမယ့် စစ်ပွဲတစ်ခု ကြီးကြီးမားမားဖြစ်အောင်ဖန်တီးဖို့တော့ အလားအလာနည်းပါးပါတယ်။ ဒါပေမယ့် သူ့ကိုထိရင်မခံတဲ့ လူစွာ အစ္စရေးကြောင့် အီရန်-အစ္စရေး အပြန်အလှန်တိုက်ခိုက်တာတွေကတော့ ဒေသတွင်းမှာ ဆက်လက်ရှိနေဦးမှာပဲဖြစ်ပါတယ်။
အောင်ရှင်း