မောင်တောမြို့အား တိုက်ခိုက်နေသည့် ရခိုင်အစွန်းရောက် AA အကြမ်းဖက် လက်နက်ကိုင်အဖွဲ့အနေဖြင့် မွတ်ဆင်လင်ကျေးရွာများမှ ရွာသားများအား ၎င်းတို့ရှိရာနေရာများသို့ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ပြီး လူသားတံတိုင်းအဖြစ် လုပ်ဆောင်ထားလျက်ရှိရာ လက်ရှိအချိန်တွင် အဆိုပါဖမ်းဆီးခံထားရသည့် မွတ်ဆလင်များမှာ ရိက္ခာနှင့် ဆေးဝါးပြတ်လပ်နေကြောင်းနှင့် လူသားတံတိုင်းအဖြစ် ဖမ်းဆီးခံထားရသူအများစုမှာ မောင်နီရွာမှ မွတ်ဆလင်များဖြစ်ကြောင်း သိရှိရသည်။
အဆိုပါမောင်နီရွာမှ မွတ်ဆလင်များရှိရာနေရာသို့ ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့က AA နယ်မြေမှူးဆိုသူရောက်ရှိလာပြီး စစ်ရှောင်များအားစုရုံးခိုင်းကာ ULA/AA နယ်မြေမှူးဆိုသူမှ “မွတ်ဆလင်များအနေဖြင့် မောင်တောမြို့ လွတ်မြောက်ရေးအတွက် AA နှင့်အတူ ပူပေါင်းတိုက်ခိုက်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့ခေါင်းဆောင်နှင့် ဘင်္ဂလားအစိုးရတို့ စကားပြောရန်ရှိပြီး တစ်ဖက်နိုင်ငံသို့ရောက်နေသည့် မွတ်ဆလင် တစ်သန်းကျော်အား ပြန်လည်ခေါ်ဆောင် နေရာချထားပေးမည်ဖြစ်ကြောင်း၊ မောင်တောလွတ်မြောက်ပါက ဘင်္ဂလားဒေ့ရှ်မှ မွတ်ဆလင်များအား အတားအဆီးမရှိ ခေါ်သွင်းနိုင်မှာ ဖြစ်ကြောင်း၊ AA မှ ခေါ်သွင်းချင်သော်လည်း စစ်တပ်ရှိနေတာကြောင့် အခက်အခဲဖြစ်နေတာဖြစ်ကြောင်း၊ မွတ်ဆလင်များအား မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့တို့တွင် နေရာချထားပေးရန် စီစဉ်နေကြောင်း၊ လက်ရှိမောင်တော နခခ ၅ အားတိုက်ခိုက်ရန် တပ်တော်တွင် လူအင်အား အနည်းငယ်သာကျန်နေတာကြောင့် မွတ်ဆလင်မိသားစုတစ်စုလျှင် ၁ ယောက်နှုန်း တပ်တော်တွင် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ တပ်တော်ထဲဝင်ရောက်မှသာ ရိက္ခာနှင့် ဆေးဝါးများပေးမည်ဖြစ်ကြောင်း” ပြောဆိုကာ စစ်ရှောင်မိသားစုဝင် ၃၀၀၀ နီးပါးအတွက် ဆန် (၁) ပေး၍ ဓာတ်ပုံမှတ်တမ်းရိုက်ယူသွားကြောင်း သိရှိရသည်။
ထို့အပြင် ပြီးခဲ့သည့် ဩဂုတ်လ(၁၂) ရက်ကလည်း မောင်တောမြို၊ မြိုမကညင်တန်းရပ်ကွက်နေ ကျောင်းဆရာ အေအေခ်ျကာမာလ်(၄၀နှစ်) သည် မိသားစုနှင့်အတူ AA ရှိရာ ဟာဘီရွာ(ဟိုက်ရ်ဖာရာ)တွင် စစ်ရှောင်အဖြစ် ရွှေ့ပြောင်းခိုလှုံနေရာမှ သရက်အုပ်ကျေးရွာသို ဆက်လက်ပြောင်းရွေ့နေထိုင်ရန်သွားစဉ် ဟာဘီရွာ၏အရှေ့ဘက် AA စခန်းမှ AA တပ်ဖွဲဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ယနေ့အချိန်အထိ အဆက်အသွယ်မရသေးကြောင်း၊ အေအေခ်ျကာမာလ်နှင့်အတူ ဆရာ၏ ယောက်ဖတော်စပ်သူ ဦးဇူရူလ်ဟောက်ခ်(၅၀နှစ်)နှင့် ၎င်း၏သား(၁၁တန်း)ကျောင်းသားလူငယ်လေး တစ်ယောက်ကိုလည်းဖမ်းဆီး ထားကြောင်း သိရှိရသည်။ အေအေခ်ျကာမာလ်သည် မောင်တောမြိုတွင် ကျောင်းသား/သူများကို စာသင်ပြသော လူသိထင်ရှား ကျောင်းဆရာတစ်ဦးဖြစ်ကာ ရခိုင်အစွန်းရောက်အကြမ်းဖက်များမှ စစ်တပ်သတင်းပေးဟုဆိုကာ အတင်းအဓမ္မ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

