နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၌ မြေအောက်ကေဘယ်မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသားတစ်ဦးဖမ်းဆီးရမိ

နေပြည်တော်၊ ဩဂုတ် ၂၀

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၌ ဩဂုတ်လ ၁၉ ရက်နေ့က မြေအောက် ကေဘယ်မီးကြိုးများဖြတ်တောက်ခိုးယူသူ အမျိုးသားတစ်ဦးအားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၃ နာရီခွဲအချိန်တွင် တပ်ကုန်းမြို့နယ်၊ ဘုရားကုန်း မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က နယ်မြေအတွင်းလှည့်ကင်းဆောင်ရွက်နေစဉ် နေပြည်တော်-တပ်ကုန်း၊ အမှတ်(၁)လမ်း၊ သတ္တသတ္တာဟဘုရားနှင့် သပြေစမ်းကျေးရွာကြား လမ်းလယ်ကျွန်းပေါ်၌ မသင်္ကာဖွယ်ရာအမျိုးသားတစ်ဦးအားတွေ့ရှိစစ်ဆေးခဲ့ရာ ပုဗ္ဗသီရိမြို့နယ်၊ ဇလုပ်ကြီးကျေးရွာနေ ကျော်စိုး(၄၅)နှစ်(ဘ)ဦးတင်မောင်ဖြစ်ပြီး ၄င်းထံမှဖြတ်တောက် ခိုးယူထားသော မြေအောက်ကေဘယ်မီးကြိုးဖြတ်စခွေ(၁၆)ခွေ၊ ဂေါ်ပြား(၁)လက်၊ ဓားမ(၁)ချောင်း၊ မီးကြိုးခွာရာတွင် အသုံးပြုသော အဝါရောင်လက်ညှစ်ဓား(၂)ချောင်း၊ ဓားဆံဗူး(၁)ဗူး၊ ဂက်စ်မီးခြစ်တစ်လုံး၊ လွယ်အိတ် (၁)လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။