ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရေယာဉ်များအား အကြမ်းဖက် AA များမှပစ်ခတ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ့ဖ်မှ စိန့်မာတင်ကျွန်းသို့ ကူးသန်းသွားလာနေသည့် ဘင်္ဂလားဒေ့ရှ်ရေယာဉ်များအနက် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက် ညနေ ၅ နာရီ ၄၅ မိနစ် ခန့်တွင် ဘင်္ဂလားဒေ့ရှ် အစိုးရဝန်ထမ်းများ တင်ဆောင်လာသော ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်ရေယာဉ်ကိုလည်းကောင်း၊ ဇွန်လ ၈ ရက် နေ့လယ် ၁၂ နာရီခန့် တွင် ဘင်္ဂလားဒေ့ရှ် အရပ်ဘက် လှေနှစ်စင်းကိုလည်းကောင်း၊ ဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ဘင်္ဂလားဒေ့ရှ် အရပ်ဘက် လှေနှစ်စင်းကို လည်းကောင်း မြန်မာ ဘက်ခြမ်းရှိ ရခိုင်ပြည်နယ်၊ ညောင်ပင်ကြီး-ဂျင်းချောင်း ဒေသဘက်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များကို စိစစ်ရာ ၎င်းရက်များတွင် မြန်မာ့တပ်မတော်စစ်ကြောင်းများသည် ရခိုင်ပြည်နယ်၊ နှာခေါင်းတိုချောင်းဝဒေသဝန်းကျင်၊ အလယ်သံကျော်နှင့် မောရဝတီ ဝန်းကျင်၌ လည်းကောင်း၊ အချို့ စစ်ကြောင်းများသည် မောင်တောဒေသတစ်ဝိုက်၌ လည်းကောင်း အခြေပြုခြင်း၊ AA အကြမ်းဖက်သောင်းကျန်းသူ များနှင့် အပြန်အလှန်ပစ်ခတ်ခြင်း အချို့ သာရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ရေယာဉ်များ ပစ်ခတ်ခံရသည့် ဖြစ်စဉ်နေရာတစ်ဝိုက်တွင် မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင် စစ်ကြောင်းများ မရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် မြန်မာ့တပ်မတော်စစ်ရေယာဉ်များသည်လည်း ဇွန်လ ၅ ရက်နှင့် ၁၁ ရက်တွင် လှုပ်ရှားမှု မရှိခဲ့ဘဲ ဇွန်လ ၈ ရက်တွင် အလယ်သံကျော်၊ နှာခေါင်းတိုချောင်းဝမှ မောင်တောဒေသသို့ သွားရောက်သည့် ခရီးစဉ်ရှိခဲ့ပြီး ၎င်းခရီးစဉ်မှာလည်း ညပိုင်းတွင်သာ သွားရောက်ခဲ့သည့် ခရီးစဉ်ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရေယာဉ်များ ပစ်ခတ်ခံရသည့် ရခိုင်ပြည်နယ်၊ ညောင်ပင်ကြီး-ဂျင်းချောင်းဒေသအနီးတွင် မှိုဝင်ရွာပျက်ရှိပြီး ၎င်းနေရာသည် AA အကြမ်းဖက် သောင်းကျန်းသူများ ခိုအောင်းလှုပ်ရှားလျက်ရှိသော ဒေသဖြစ်ပြီး တပ်မတော်စစ်ရေယာဉ်များကိုအမြဲပစ်ခတ်နှောင့်ယှက်နေသည့် နေရာဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်ရေယာဉ်များ ပစ်ခတ်ခံရသည့် အချိန်များတွင် ၎င်းနေရာဝန်းကျင်၌ တပ်မတော်စစ်ကြောင်းများ၊ စစ်ရေယာဉ်များ လှုပ်ရှားသွားလာခြင်း မရှိကြောင်းနှင့် စိစစ်ချက်များအရ AA အကြမ်းဖက်သောင်းကျန်းသူများက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အစိုးရ၊ တပ်မတော်အချင်းချင်းရင်းနှီးသောဆက်ဆံမှုများရှိကြောင်း၊ နှစ်နိုင်ငံနယ်ခြားဒေသ စည်းမျဉ်းစည်းကမ်းများ အတိုင်း လိုက်နာကျင့်သုံးလျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။