ဂျပန်နိုင်ငံ၌ကျင်းပမည့် လူငယ်များတွေ့ဆုံပွဲသို့ မြန်မာကျောင်းသားလူငယ် ၄ ဦးတက်ရောက်မည်

ဂျပန်နိုင်ငံ၌ နှစ်စဉ်ဇူလိုင်လတွင် ကျင်းပလေ့ရှိသည့် နွေရာသီ အပြည်ပြည်ဆိုင်ရာလူငယ်များ တွေ့ဆုံစခန်းချပွဲ (BRIDGE Summer Camp – 2024) သို့ မြန်မာနိုင်ငံက Junior Ambassador အဖြစ် ပါဝင်တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ BRIDGE Summer Camp – 2024 ကို ဂျပန်နိုင်ငံ၊ ဖူကူအိုကာမြို့ (Fukuoka) အခြေစိုက်အာရှပစိဖိတ်ဒေသ ကလေးများဆိုင်ရာ ကွန်ဗင်းရှင်း (Asian-Pacific Children’s Convention – APCC) က ဦးစီးကျင်းပခြင်းဖြစ်သည်။

ယင်းတွေ့ဆုံပွဲသို့တက်ရောက်ရန်အတွက် မြန်မာ-ဂျပန်အသင်း (MJA)က ဦးစီး၍ အ.ထ.က (၁) ဒဂုံ၊ ရန်ကုန်မှ ဆဋ္ဌမတန်းကျောင်းသား မောင်လင်းထက်ပိုင်(၁၂ နှစ်)၊ ကမာရွတ်လေ့ကျင့်ရေးကျောင်း TTC ၊ ရန်ကုန်မှ ပဉ္စမတန်းကျောင်းသား မောင်ဘုန်းဇေဟိန်း (၁၂ နှစ်)၊ အ.ထ.က (၁) ဒဂုံ ရန်ကုန်မှ ပဉ္စမတန်းကျောင်းသူ မသွန်းသက်ထားအောင် (၁၁ နှစ်)နှင့် အ.ထ.က (၂)၊ မင်္ဂလာဒုံ၊ ရန်ကုန် (အောင်ဆန်းသူရိယလှသောင်းကျောင်း)မှ ပဉ္စမတန်းကျောင်းသူ မရှင်းသန့်ဖြူ (၁၁ နှစ်) တို့ (၄) ဦးကို ရွေးချယ်ဖွဲ့စည်းလေ့ကျင့်ပေးလျက်ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံမှ Junior Ambassador လေးဦးအား မြန်မာ-ဂျပန်အသင်း၏ အတွင်းရေးမှူးဖြစ်သူက အုပ်ချုပ်သူအဖြစ်လိုက်ပါ၍ ဇူလိုင်လပထမပတ်တွင် ဂျပန်နိုင်ငံ ဖူကူအိုကာမြို့သို့ သွားရောက်မည်ဖြစ်ပြီး ၁၀ ရက်ကြာ စခန်းချကာလအတွင်း အခြားအာရှ-ပစိဖိတ်ဒေသ ၄၈ နိုင်ငံမှ ကျောင်းသားလူငယ်များနှင့်အတူ စခန်းဝင်တွေ့ဆုံခြင်း၊ အသက်ရွယ်တူ ဂျပန်ကျောင်းသား ကျောင်းသူများ၏ ကျောင်းများသို့အတူ သွားရောက်လေ့လာခြင်းနှင့် ဂျပန်ကျောင်းသား ကျောင်းသူများ၏နေအိမ်တွင် Home Stay နေထိုင် ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။