ယခုနှစ်တွင် သစ်ပင်ပေါင်း ၂၂ ဒသမ ၃၃၂ သန်း စိုက်ပျိုး တည်ထောင်သွားမည်

ယခုနှစ် မိုးရာသီတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်းများ အပါအဝင် တစ်နိုင်ငံလုံး သစ်ပင်ပေါင်း ၂၂ ဒသမ ၃၃၂ သန်း စိုက်ပျိုး တည်ထောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၄ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအလယ်ပိုင်း မကွေး၊ မင်းဘူး၊ ညောင်ဦးနှင့် စစ်ကိုင်းမြို့တို့သည် ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် ပါဝင်ခဲ့ကြောင်း၊ ထို့ကြောင့်လည်း အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြေရေးလုပ်ငန်းများအတွက် သစ်တောဦးစီးဌာနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာနတို့က ယခုနှစ် မိုးရာသီတွင် တစ်ရွာ ၂ ဧက စိုက်ခင်း၊ ဘက်စုံသုံးစိုက်ခင်းနှင့် ကျေးရွာထင်းစိုက်ခင်း စုစုပေါင်း ၃၅၅၁ ဒသမ ၂၀ ဧက၊ ပျိုးပင်ပေါင်း နှစ်သန်းကျော်ကို ကျေးရွာပေါင်း ၈၀၉ ရွာတွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် ကျေးရွာ၊ မြို့ပြပတ်ဝန်းကျင်နေရာ အသီးသီးတွင်လည်း ဒေသအလိုက် သင့်တော်သည့်အရိပ်ရအပင်များ၊ လေကာပင်များကို စဉ်ဆက်မပြတ်စိုက်ပျိုးရန်၊ သစ်ပင်သစ်တော်ထိန်းသိမ်းရန် အာဆီယံလမ်းမကြီးများ ဘေးဝဲယာ၊ အမြန်လမ်းမကြီးဘေးဝဲယာနှင့် ရထားလမ်းများ ဘေးဝဲယာများတွင်လည်း သစ်ပင်များစဉ်ဆက်မပြတ် စိုက်ပျိုးပြုစုထိန်းသိမ်းကြရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း သိရှိရသည်။