၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုမှုကို မတ်လ ၁၂ ရက်က ကျင်းပခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ဆက်လက်ကျင်းပခဲ့သည်ဟု သိရသည်။
အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် နိုင်ငံခြားစာစစ်ဌာန ၁၁ ခု နှင့် ပြည်တွင်း၌ စာစစ်ဌာန ၈၃၀ ခု စာစစ်ဌာနစုစုပေါင်း ၈၄၁ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၄၆၅၂၃ ရှိသည်ဟု ပညာရေးဝန်ကြီးဌာန အချက်အလက်များက ဖော်ပြသည်။
ထိုသို စာရင်းပေးသွင်းထားသော်လည်း စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၈၇၂၅ ဦးရှိခဲ့ပြီး ပျက်ကွက်သူ ၁၇၇၉၈ ဦးရှိခဲ့သဖြင့် ဖြေဆိုသူ ၈၇ ဒဿမ ၈၅ ရာခိုင်နှုန်းရှိသည်ဟုဆိုသည်။
တက္ကသိုလ်ဝင်စာမေးပွဲ စတင်ကျင်းပခဲ့သည့် မတ်လ ၁၁ ရက်၊ မြန်မာစာဘာသာရပ် ဖြေဆိုသည့်နေ့က စာရင်းပေးသွင်းထားသူ (၁၄၆၅၂၃) ဦးရှိသည့်အနက် လာရောက်ဖြေဆိုသူ ဦးရေမှာ (၁၂၈၈၀၁)ဦး ရှိခဲ့သဖြင့် တစ်နိုင်ငံလုံး၌ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ၈၇ ဒဿမ ၉၀ ရာခိုင်နှုန်းရှိခဲ့ပြီး ယနေ့ မတ်လ ၁၃ ရက်တွင် သင်္ချာဘာသာရပ်ကို ဆက်လက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။



