တပ်မတော်မှတစ်ပါး အခြားမရှိ

ဆရာနရီမိုးရဲ့ တပ်မတော်တစ်ပါးအခြားမရှိဆိုတဲ့ဆောင်းပါးလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

မြန်မာ့နိုင်ငံရေး အတိတ်သမိုင်းဖြစ်စဉ်တွေအကြောင်းကို တခုတ်တရ ပြန်ပြောင်းပြောရရင်… အာဏာသိမ်းခံရတဲ့ ဖြစ်စဉ်တွေကိုပဲ လက်ညိုးထိုးထိုး၊ အာဏာထိမ်းခဲ့ရတဲ့ လုပ်ရပ်တွေကိုပဲ လက်ညိုးထိုးထိုး… ဖြစ်ရပ်တိုင်းဟာ တပ်မတော်ရဲ့ ပယောဂကြောင့် မဟုတ်ဘူးဆိုတာ ထင်ထင်ရှားရှား တွေ့မြင်ရလိမ့်မယ်။ လွတ်လပ်ရေးခေတ်ဦးကတည်းက အစပြုလိုက်တဲ့ ပြည်တွင်းစစ်ရဲ့ နောက်ခံနိုင်ငံရေးသမိုင်းတွေ၊ အသင်းအဖွဲ့တွေရဲ့ ဂိုဏ်းဂဏ ပိုင်းဆိုင်ရာ အယူဝါဒကွဲပြားမှုတွေနဲ့ နိုင်ငံ့ဦးဆောင်သူတွေရဲ့ မူဝါဒအမှားတွေကြားမှာ မလွှဲမရှောင်သာတဲ့အနေအထားတွေကြောင့်သာ တပ်မတော်က မြန်မာ့နိုင်ငံရေးမှာ ပါဝင် ပတ်သက်ခဲ့ရတယ်ဆိုတာ အထင်အရှား တွေ့မြင်ကြရမှာလည်းဖြစ်တယ်။

မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတွေကို ပြန်ကြည့်ရင်…. လွတ်လပ်ရေးနဲ့အတူ ရှင်သန်ပေါက်ဖွားလာခဲ့ရတဲ့ တပ်မတော်အတွက် အမျိုးသားနိုင်ငံရေးဆိုတဲ့ အခန်းကဏ္ဍမှာ နီးနီးကပ်ကပ် ပါဝင်ပတ်သက်မှုရှိနေတာ သိပ်ဆန်းလွန်းလှတဲ့ ကိစ္စတော့မဟုတ်ဘူး။ တကယ်တော့ ဒီလိုဖြစ်စဉ်မျိုးတွေက မြန်မာ့တပ်မတော်တစ်ခုတည်း ရင်ဆိုင်ခဲ့ကြရတာမျိုး မဟုတ်ဘဲ ကိုလိုနီနယ်ချဲ့နိုင်ငံတွေအဖြစ်က ရုန်းထွက်ဖို့ကြိုးစားကြတဲ့ နိုင်ငံတိုင်းရဲ့ တပ်မတော်တိုင်းဟာ အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုကို ဦးဆောင်အကောင်အထည် ဖော်ပေး တတ်ကြရတယ်ဆိုတာ ကမ္ဘာ့သမိုင်းစာမျက်နှာတွေထက်မှာ အထင်အရှား မြင်တွေ့နိုင်တယ်။ ပိုဆိုးတာက… မြန်မာ့နိုင်ငံရေးပါတီတွေကိုယ်တိုင်က တပ်မတော်ကို နိုင်ငံရေးဇာတ်သွင်းခဲ့ ကြတဲ့သူတွေ ဖြစ်မှန်းမသိဖြစ်နေတာကတော့ အတော်လေး ဆိုးဝါးလွန်းတဲ့ ကိစ္စတစ်ခုပဲ။ လွတ်လပ်ရေး ခေတ်ဦးအစမှာ… ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်ပါတီ တပ်မှူးတွေရဲ့ ဝါဒမှိုင်း လွှမ်းမိုးမှုတွေအပါအဝင်…. ၂၀၂၀ ရွေးကောက်ပွဲအရေးအခင်းကနေ ထွက်ပေါ်လာတဲ့ နိုင်ငံရေးအခင်းအကျင်းတွေကအစ …. တပ်မတော်ကို မြန်မာ့နိုင်ငံရေးမှာ ဆက်စပ်ပါဝင် ပတ်သက်မှုရှိလာအောင် လမ်းခင်းပေးခဲ့ကြတယ်ဆိုတာ ဘယ်လိုမှငြင်းမရတဲ့ သက်သေ တွေပဲဖြစ်တယ်။

ဖက်ဆစ်တော်လှန်ရေးကို ခေါင်းဆောင်နိုင်ဖို့၊ တနည်းအားဖြင့်ဆိုရင်… လွတ်လပ်ရေး ရဖို့အတွက် အင်အားစုသုံးရပ်ကို အခြေခံပြီး လျှို့ဝှက်ဖွဲ့စည်းခဲ့တဲ့ “ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်”ဆိုတဲ့ တပ်ပေါင်းစုကြီးပြိုကွဲခဲ့တာ တွေကအစ… (ဖဆပလ) ကနေ အထုတ်ခံလိုက်ရတဲ့ ကွန်မြူနစ်ပါတီ ကိုသိန်းဖေတို့က “ မင်းဆိုး မင်းညစ် ဖဆ-ဆိုရှယ်လစ်တို့တွင် နေရစ်ခဲ့တော့”လို့ ဗိုလ်ချုပ်အောင်ဆန်းကို ပြောခဲ့တာက အလယ်၊ ဦးနုပြောခဲ့တဲ့ “ကွန်မြူနစ်ဝါဒ အဓွန့်ရှည်ပါစေ၊ ဗမာပြည် ကွန်မြူနစ်ပါတီ ကျဆုံးပါစေ” ဆိုတဲ့ စကားတွေအဆုံး… အသင်းအဖွဲ့တွေရဲ့ ဂိုဏ်းဂဏကွဲပြားမှုတွေ၊ ကွန်မြူနစ်ပါတီရဲ့ ပြိုကွဲမှုတွေအားလုံးဟာ အမျိုးသားစည်းလုံးညီညွှတ်ရေးအတွက်ဖွဲ့စည်းထားတဲ့ တပ်ပေါင်း စုကြီး ပြိုကွဲစေတဲ့အထိ အကျိုးသက်ရောက်မှုရှိစေတာကိုလည်း တွေ့ကြရမှာဖြစ်တယ်။ တစ်ခါ… ဦးနု ထုတ်ပြန်ခဲ့တဲ့ လက်ဝဲညီညွှတ်ရေးမူ ၁၅ ချက်ကြောင့် ပြည်သူ့ရဲဘော်ကွဲပြီး ပြည်သူ့ရဲဘော်(ဖြူ)တွေ တောခိုသွားခဲ့ကြသလို တပ်ရင်း(၁)မင်္ဂလာဒုံနဲ့ တပ်ရင်း(၃) သရက် တို့ကလည်း တောခိုသွားတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တာတွေ့ရတယ်။ ကျယ်ပြန့်လာတဲ့ ပြည်တွင်းစစ်တွေ၊ လက်ဝဲညီညွတ်ရေးကောင်စီမှာ ထင်သလိုဖြစ်မလာတဲ့ နိုင်ငံရေး ပွတ်တိုက်မှုတွေနဲ့ ရွေးကောက်ပွဲအနိုင်ရယူလိုတဲ့ ဦးနုရဲ့ ဘာသာရေးဆိုင်ရာ ပဋိပက္ခဖန်တီးမှု တွေ… ဒီအကြောင်းတရားတွေကြောင့်ပဲ လွတ်လပ်ခါစ ကိုယ်တွေနိုင်ငံကြီးက ခက်ခဲတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့လာရတော့တယ်။ ဒီလိုအခြေဆိုးကြီးကို ကျော်ဖြတ်ခဲ့ရတဲ့ တပ်မတော်ရဲ့သမိုင်းကို ဗိုလ်မှူးကြီး တင်မောင်ရေးတဲ့ “တိုင်းပြည်ကနုနု၊ မုန်တိုင်းက ထန်ထန်” ဆိုတဲ့ စာအုပ်မှာ ထင်ထင်ရှားရှားတွေ့နိုင်တယ်။

ပိုဆိုးတာက အိုင်ဒီယိုလောဂျီ အကွဲအပြဲတွေကနေတဆင့် လူမျိုးရေးပဋိပက္ခတွေ အထိ တင်းမာစေတဲ့ဖြစ်စဉ်တစ်ခုက ၁၉၄၈ နှစ်လယ်လောက်မှာ အစပြုခဲ့ပြီး သီးခြား ကရင်ပြည်နယ်ရဖို့ KNU တောင်းဆိုလာတဲ့ အခြေအနေဟာ လူမျိုးရေးပါတဲ့ လက်နက်ကိုင် ပဋိပက္ခ အသွင်အထိ ကူးပြောင်းသွားခဲ့တာ ကြုံခဲ့ကြရတယ်။ တပ်မတော်ထဲက အမှတ်(၂) ကရင်လက်နက်ကိုင်တပ်ရင်း(ပြည်)၊ အမှတ်(၁)ကရင်လက်နက်ကိုင်တပ်ရင်း(တောင်ငူ)နဲ့ ရဲတပ်ဖွဲ့ဝင် ကရင်အမျိုးသားတချို့ပါ တောခိုကုန်တဲ့အခါ… ပုသိမ်၊ အင်းစိန်၊ တွံ့တေး၊ ပန်းတနော်၊ အိမ်မဲ၊ ညောင်လေးပင်၊ တောင်ငူ၊ မိတ္ထီလာ၊ ကျောက်ဆည်၊ မေမြို့၊ မန္တလေး၊ လွိုင်ကော်၊ တောင်ကြီး၊ လားရှိုးနဲ့ နမ့်ခမ်းဒေသဆိုတဲ့ မြို့ကြီး (၁၅)မြို့ဟာ ကရင် လက်နက်ကိုင်တပ်ဖြစ်တဲ့ KNDO လက်ထဲ ကျရောက်ကုန်တော့တယ်။ ဖက်ဆစ်ဆန့်ကျင်ရေး တပ်ပေါင်းစုကြီးဖြစ်တဲ့ ဖဆပလကနေ ကွဲထွက်ကုန်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကလည်း ဟင်္သတ၊ သာယာဝတီ၊ ပျဉ်းမနား၊ ရမည်းသင်း၊ မြင်းခြံနဲ့ ပခုက္ကူဆိုတဲ့ မြို့ကြီး(၆)မြို့ကို သိမ်းပိုက်ထားသလို ပြည်၊ သရက်၊ မကွေး၊ မင်းဘူး၊ ရေနံချောင်း၊ ချောက်၊ သံတောင်နဲ့ ကျောက်ဖြူဆိုတဲ့ မြို့ကြီး (၈)မြို့ကလည်း တပ်မတော်ကနေ တောခိုသွားတဲ့ တပ်တွေ သိမ်းပိုက်ထားခြင်းကို ခံခဲ့ရပြန်တယ်။

အယူဝါဒကွဲပြားမှုတွေနဲ့ လူမျိုးရေး ပဋိပက္ခတွေကြောင့် တစ်နိုင်ငံလုံး လောင်မြိုက် ခဲ့ရတဲ့ ပြည်တွင်းစစ်အခြေအနေဟာ “ရန်ကုန်အစိုးရ”ဆိုပြီး သမုတ်ခဲ့၊ သရော်ခဲ့တဲ့ အခြေအနေအထိ ရောက်ခဲ့ရတယ်။ ပါတီတွေ မညီညွှတ်မှု၊ ပြည်တွင်းလက်နက်ကိုင် ပုန်ကန်မှုတွေ များပြားမှုဆိုတဲ့ ဒီအခြေအနေဆိုးကြီးကို တွန်းလှန်နိုင်ဖို့ တပ်မတော်ဟာ “စစ်ဝန်ထမ်းတပ်နဲ့ လဲဗြီးတပ်”တွေကိုပါ ဖွဲ့စည်းပြီး တိုက်ထုတ်ခဲ့ရသလို တဖက်မှာ မိုင်းရှူး၊ ပန်ယန်း ဒေသက အင်အား ၄၀၀၀ ရှိတဲ့ ကူမင်တန် တပ်တွေ၊ အင်အား ၃၀၀၀ ရှိတဲ့ မူဆယ်၊ နမ့်ခမ်းဒေသ၊ အင်အား ၄၀၀၀ ရှိတဲ့ မိုင်းဆက်နဲ့ မိုင်းတုံဒေသ၊ အင်အား ၂၀၀၀ ရှိတဲ့ မော်ချီး၊ လှိုင်းဘွဲ့ဒေသ စသဖြင့် အင်အား ၁၂၀၀၀ ရှိတဲ့ ကူမင်တန်တပ်တွေကို မြန်မာမြေပေါ်ကနေ အသက်သွေးချွေးတွေနဲ့ တိုက်ထုတ်ခဲ့ကြရပါသေးတယ်။

၈၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အရေးအခင်းဟာလည်း တစ်ပါတီစနစ်ကို မလိုလားတော့တဲ့ ပြည်သူတွေရဲ့တောင်းဆိုမှုနဲ့ ပြည်တွင်းက လက်ဝဲ၊ လက်ယာ နိုင်ငံရေးအင်အားစုတွေ ကြောင့်သာ ဖြစ်ပွားခဲ့တဲ့ အရေးအခင်းတွေဖြစ်သလို တပ်မတော်ပယောဂပါတဲ့ ပဋိပက္ခနဲ့ တပ်မတော်က ဖန်တီးတဲ့ အရေးအခင်းတွေတော့မဟုတ်ခဲ့ဘူး။ ဒီလိုခေတ်စနစ် အကူးအပြောင်းမတိုင်ခင်မှာလည်း… ဦးသန့် အရေးအခင်းတွေနဲ့ မှိုင်းရာပြည့်အရေးအခင်း တွေမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ယူခဲ့ဖူးတဲ့ ဦးတင်ဦး ကိုယ်တိုင်က ရန်ကင်းမြို့နယ်၊ မိုးကောင်းဘုရား ဟောပြောပွဲမှာ “ တပ်မတော်နဲ့ ပြည်သူ”ကို သွေးခွဲ စကားမျိုး ပြောခဲ့တာမျိုးရှိခဲ့သေးတာပါ။ မင်းမဲ့စရိုက်ဆန်ဆန်နဲ့ ကြားဖြတ်အာဏာရရှိဖို့ ကြိုးစားခဲ့ကြသူတွေဟာ ၈၈ အရေးအခင်းမှာလည်း တပ်မိသားစုတွေကို ဒလံခေါင်းစဉ်နဲ့ ခေါင်းဖြတ်သတ်ခဲ့ကြသလို ကုန်သွယ်ရေးရုံးထဲက လုံခြုံရေးတပ်စုရဲ့ လက်နက်/ခဲယမ်းတွေ ကိုပါ သိမ်းယူသွားတဲ့ ဖြစ်စဉ်မျိုးအထိ တပ်မတော် အနေနဲ့ကြုံတွေ့ခဲ့ကြရတာဖြစ်တယ်။ အစိုးရယန္တယားတွေ ပျက်စီးပြီး ပြိုကွဲလုဖြစ်နေတဲ့ တိုင်းပြည်အခြေအနေကြောင့် ဗကပ တွေဟာ မိုင်းယန်းဒေသမှာ နယ်မြေသိမ်းပိုက်ရေး ဆိုတဲ့ စစ်ဆင်ရေးတွေ စတင်ဆင်နွှဲလာ ပါတော့တယ်။ မိုင်းယန်းကနေ စတင်လိုက်တဲ့ ဗကပ တွေရဲ့ စစ်ပွဲတွေဟာ မန္တလေးအထိ သိမ်းပိုက်ဖို့ ကြံရွယ်ခဲ့ကြသလို KNU တွေရဲ့ စစ်ရေး ရည်မှန်းချက်ကလည်း တောင်ငူအထိ သိမ်းပိုက်ဖို့ ဖြစ်တယ်။ ဒီလို အဖက်ဖက်က ယိုယွင်းနေတဲ့ တိုင်းပြည်ရဲ့အခြေအနေကို တပ်မတော်ဆိုတဲ့ အင်စတီးကျူးရှင်းကသာ ကျားကန်ပေးခဲ့ပြီး ပြည်ထောင်စုမပြိုကွဲရအောင် အသက်သွေးချွေးတွေနဲ့ ဒုတိယအကြိမ် ကာကွယ်ပေးခဲ့ရတာဖြစ်ပါတယ်။

တကယ်တော့… ၁၉၄၇ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲတာကလည်း ဗိုလ်ချုပ် အောင်ဆန်းနဲ့ ဖဆပလကသာ ဦးဆောင်ရေးဆွဲခဲ့ကြတာဖြစ်သလို လက်ရှိ နိုင်ငံရေး အရ “ဖက်ဒရယ်”ဆိုပြီး အငြင်းပွားနေတဲ့ ပင်လုံစာချုပ်တွေဆိုတာကလည်း တပ်မတော်က ဦးဆောင်ပါဝင် ပတ်သက်ခဲ့တာမျိုး မရှိခဲ့ဘူး။ အောင်ဆန်း-အက်တလီစာချုပ်အရ လွတ်လပ်ရေးအတွက် တိုင်းရင်းသားတွေနဲ့ ဆွေးနွေးပြီဆိုကတည်းက တပ်မတော်ရဲ့ အခန်းကဏ္ဍ မပါဝင်တော့ဘူး ဆိုတဲ့ အချက်ကို သတိပြုသင့်ပါရက်နဲ့ ပြည်သူနဲ့ တပ်မတော် သွေးကွဲစေတဲ့လုပ်ရပ်တွေကို နိုင်ငံရေးဦးဆောင်သူတွေကပဲ အကြိမ်ကြိမ် ကြိုးစားခဲ့ကြတာ တွေ့မြင်ကြရမှာဖြစ်တယ်။

လက်ရှိ မြောက်ပိုင်း မဟာမိတ်(၃)ဖွဲ့ရဲ့ ၁၀၂၇ ကနေ အစပြုလိုက်တဲ့ ရှမ်းမြောက် ဒေသ စစ်ဆင်ရေးဟာလည်း တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာထိပါးနိုင်လောက်တဲ့အထိ ဆုံးရှုံးမှု ကြီးမားခဲ့တာ တွေ့မြင်ကြရမှာဖြစ်တယ်။ မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ဟာ ဒေသခံ ပြည်သူလူထု ဒုက္ခအတိရောက်စေအောင် လမ်းတံတားတွေကိုလည်း မိုင်းထောင်ဖျက်စီး မှုတွေလုပ်နေခဲ့ကြသလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တဲ့ အထူးဒေသ အုပ်ချုပ်ရေး စနစ်တွေကိုပါ ပြောင်းပြောင်းတင်းတင်း ကြေငြာလာခဲ့တာ အထင်အရှား တွေ့ရမှာဖြစ်တယ်။ သမိုင်းအစဉ်အဆက်မှာလည်း မန္တလေးမြို့အထိ သိမ်းပိုက်ဖို့ ကြံရွယ်ခဲ့ကြဖူးတဲ့ ဗကပ လမ်းစဉ်အတိုင်း မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့အနေနဲ့လည်း မန္တလေး-လားရှိုး ပြည်ထောင်စု လမ်းမကြီးပေါ်ကမြို့တွေကို သိမ်းပိုက်နိုင်ဖို့အထိ အားသွန်ခွန်စိုက် ကြိုးပမ်းနေသလို တဖက်မှာ… ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ MNDAA ကလည်း နိုင်ငံတော်ရဲ့ ဂုဏ်ထူးဝိသေသနဲ့ ပြည့်စုံတယ်လို့ သတ်မှတ်ထားတဲ့ အထွတ်အမြတ်ထားရာ ဗုဒ္ဓဘာသာကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်စီးစော်ကားပြနေတဲ့ လုပ်ရပ်တွေကိုလည်း တွေ့မြင် နေကြရတယ်။ မည်သို့ဆိုစေ… မြန်မာ့နိုင်ငံရေးသမိုင်းမှာ လွတ်လပ်ရေး ခေတ်ဦးကတည်းက ပြည်တွင်းသောင်းကျန်းမှုမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရတဲ့ တပ်မတော်အနေနဲ့ ခေတ်အဆက်ဆက် တိုင်းမှာ ဖြစ်ပေါ်လာတဲ့ အန္တရာယ်တွေတိုင်းကို မိမိတို့ရဲ့ အသက်သွေးချွေးတွေပေးဆပ်ပြီး ခုခံကာကွယ်စောင့်ရှောက်ခဲ့ကြတာလည်း အထင်အရှား တွေ့ရမှာဖြစ်တယ်။ လက်ရှိ အခြေအနေမှာလည်း သောင်းကျန်းသူတွေ အပါအဝင် တစ်ဖက်မီဒီယာ အသိုင်းအဝိုင်းတွေအနေနဲ့ တပ်မတော်ပြိုကွဲလေအောင်၊ တပ်မတော်မိသားစုတွေရဲ့ အထက်အောက် ဆက်ဆံရေးပျက်စီးရလေအောင် နည်းမျိုးစုံ သုံးပြီး စိတ်ဓာတ်စစ်ဆင်ရေးတွေ လုပ်နေပေမယ့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးရဲ့ အချုပ်အခြာအာဏာမဆုံးရှုံးစေရေးနဲ့ မပြိုကွဲစေဖို့ရေး အတွက် ကာကွယ်ပေးနိုင်စွမ်းရှိတဲ့ အဖွဲ့အစည်းကို ပြပါဆိုရင်…. ဒီနိုင်ငံတော်ကြီးမှာ “တပ်မတော်မှတပါး အခြားမရှိပါ…” လို့သာ ဆိုချင်မိပါ တော့ တယ်။

(နရီမိုး)