PSG အသင်း၏ ပြင်သစ်တိုက်စစ်မှူး ဘာပေက မိမိအနေဖြင့် အနာဂတ်နှင့်ပတ်သက်၍ ဆုံးဖြတ်ရခြင်းမရှိသေးသော်လည်း မည်သို့ဆုံးဖြတ်သည်ဖြစ်စေ နှစ်ဖက်စလုံးအတွက် ထိခိုက်နစ်နာမှုမရှိအောင် အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီနှင့် သဘောတူညီမှု ယူထားပြီး ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဘာပေ(၂၅ နှစ်)သည် လာမည့်နွေရာသီတွင် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး PSG အသင်းက ယခုအထိ သက်တမ်းတိုးနိုင်ခြင်းမရှိသည့်အတွက် အလွတ်ထွက်ခွာခွင့်ပြုရမည့် အခြေအနေဖြစ်သည်။
ထို့ပြင် ပြည်ပကလပ်အသင်းများအနေဖြင့် နွေရာသီတွင် ခေါ်ယူရန်အတွက် လက်ရှိအချိန်တွင် တရားဝင်ဆွေးနွေးညှိနှိုင်းခွင့်ရရှိနေပြီ ဖြစ်သည်။
ယင်းအတွက် ဘာပေအား အနာဂတ်အစီအစဉ်ကို မေးမြန်းခဲ့ရာ ၎င်းက “ကျွန်တော် ဘာမှ မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမဲ့ နွေရာသီမှာ အသင်းဥက္ကဋ္ဌနဲ့ သဘောတူညီမှုယူထားပြီးသားပါ။ အဓိပ္ပာယ်ကတော့ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာမှုမရှိအောင် ကာကွယ်ထားပြီးသားဆိုတာပါပဲ။ ဒါကြောင့် ကျွန်တော် ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ် ပြဿနာမရှိနိုင်ပါဘူး”ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဘာပေက ၂၀၂၂ တုန်းကလည်း မည်သို့ဆုံးဖြတ်ရမည်ကို မေလမရောက်ရှိမီအထိ မသိရှိခဲ့ဟု ဆိုခဲ့သည်။ ဘာပေသည် PSG နှင့်သက်တမ်းတိုးခဲ့ပါက အလွန်များပြားသည့် ဆုကြေးများ ရရှိမည်ဟု သိရသည်။
