ဆရာကြီးသူရဝင်းမြင့်သူ (သို့) အပြင်လောကရဲ့ ဝေလည်းမွှေးကြွေလည်းမွှေးဇာတ်ရုပ် တပ်ကြပ်ကြီးဖိုးစည် လို လူတစ်ယောက်၊ လူကောင်သေးသေး အရပ်ခပ်ပုပုပဲ။ အသားကမဲမဲလေးဆိုတော့ တပ်ထဲရောက်တော့ သူငယ်ချင်းတွေ ရဲဘော်ရဲဘက်တွေ ချစ်စနိုးနဲ့ဝိုင်းခေါ်ကြတာ ကလား၊ ကိုကလား ၊ ဦးကလား ၊ ဆရာကလား ပေါ့။
လူကောင်သာသေးတာ သတ္တိကတော့အရမ်းကောင်း ၊ စစ်မြေပြင်မှာ တကယ့် Fighter၊ တပ်ရင်းမှူးရဲ့ Batman၊ သူ့တပ်ရင်းမှူးကဆိုအရမ်းပြော ဒီကောင် ကလား သတ္တိသိပ်ကောင်းတာ၊ လက်နက်ကြီးတွေလည်း အကုန်ပစ်တတ်တယ်၊ ကားလည်းမောင်းတတ်တာပဲ၊ စရဖ လည်းလုပ်တတ်သေးတယ်။ အဲ့လိုကြားတိုင်း သူ့မှာအပြုံးမျက်နှာလေးနဲ့ပေါ့။
သူတို့တပ်ရင်း ရည်မှန်းချက်ပေးထားရာ ချင်းပြည်နယ်က မြို့တစ်ခုကို လမ်းကြောင်းတကြောင်းလုံးရှင်းပြီး အပြီးသွားတိုက်ကြရမယ်တဲ့။ ကြမ်းတမ်းလိုက် ခက်ခဲလိုက်တဲ့ခရီး အသက်တွေရင်း ဘဝတွေခင်းပြီး သွားကြရမယ်ဆိုတာ သူတို့သိကြတယ်။ လမ်းမှာ တိုက်ရင်းတိုးရင်း ရှေ့ဆက်နေရတာ ဘယ်နှစ်ရက်မှန်းမသိ။ဒီလိုနဲ့ တရက်မှာတော့ ရည်မှန်းချက်မြို့ကိုသွားဖို့ လမ်းခုလတ်ကြားမှာ အဓိကကျတဲ့ ရန်သူ့အခိုင်အမာ စခန်းကုန်းကိုအရောက် ရန်သူက အပေါ်မှာနေရာအပိုင်၊ ဘန်ကာအပိုင်တွေနဲ့စောင့်ပစ်နေတော့ တာပါပဲ။ ပစ်အားကလည်း အရမ်းကိုများနေလို့ ရှေ့ဆက်လို့ဘယ်လိုမှမရဖြစ်မနေတဲ့ အခြေအနေ။
သူတို့တပ်ရင်းမှူးက ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချလိုက်တယ်။ တပ်စိတ်တစ်စိတ်လုံးကို တပ်ရင်းမှူးရဲ့ ခိုင်မာတိကျတဲ့စကားပြောသံက လွှမ်းခြုံသွားတယ်။ တပည့်တို့ ဒီတိုင်းခံနေရင် အရှေ့လည်းမရောက်တဲ့အပြင် အားလုံးအတွက် အခြေအနေပိုဆိုးဖို့ပဲရှိတယ်။ ပေးအပ်ထားတဲ့ တာဝန်ကလည်း မြို့ကိုအရောက်ချီကြရမယ်။ အဲ့တော့ မင်းတို့နဲ့အတူငါကိုယ်တိုင်ပွိုင့်က တက်တိုက်မယ်။ ဒီစခန်းကုန်းကိုငါတို့ရအောင်ရှင်းပြီး ရှေ့ဆက်ကြမယ်တဲ့။
သူ့ရဲ့ ဆရာချထားတဲ့ဆုံးဖြတ်ချက်ကိုအကောင်အထည်ဖော်ဖို့ ဆရာကလား အစွမ်းကုန်ကြိုးစားတော့မယ် ဆိုပြီး သူတို့ တပ်ရင်းမှူးကိုယ်တိုင် ဦးဆောင်ပြီးတက်တဲ့ ပွိုင့်တပ်စိတ်နဲ့အတူ ပြင်းထန်တဲ့စိတ်အဟုန်တွေနဲ့ သူတို့တဖွဲ့လုံး ပစ်တက်တက်ကြတော့တယ်။ သစ္စာရှိပြီး ရဲရင့်တဲ့ ဆရာကလားတစ်ယောက် ရှေ့ဆုံးကနေ အပြေးတက်တော့တာပဲ။ ရဲရင့်တဲ့ကြွေးကြော်သံတွေနဲ့အတူ ကျည်ဆံတွေ၊ ဒရော့ဗုံးတွေဟာ မိုးပေါက်တွေလို ကျနေတဲ့ကြားက ရပ်တန့်မသွားဘဲ သူတို့တပ်စိတ်တစိတ်လုံး တရစပ် ရှေ့တက်ကြတော့တယ်။
ရန်သူဟာ ထင်မှတ်မထားအောင် တက်လာတဲ့ စစ်ဦးဘီလူးအဖွဲ့တွေကို မှင်သက်ကြောက်လန့်သွားပြီး ပစ်အားကိုရပ် အရေးကြီးနေရာ အခိုင်အမာစခန်းကုန်းကြီးကနေ ဘန်ကာမှာ ကာပစ်ထားတဲ့ ၃ ယောက်ကို စိတ်ကြွဆေးကျွေး၊ သံခြေကျင်းခတ်၍ ချန်ထားခဲ့ပြီးဆင်းပြေး ကြတော့တယ်။ တဖွဲဖွဲကျည်ဆံတွေကြားမှာ ပစ်ရင်းတက်ရင်းဆရာကလားတစ်ယောက် လက်မောင်းမှာ ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်။
ညနေကစောင်းပြီ ၊ အလင်းကလည်းပျောက်လုပြီ။ ညမမှောင်သေးခင် အပြီးသတ်ကြရတော့မယ်။ စခန်းရလုရခင်မှာ ဘန်ကာထဲက ၃ ယောက်ပစ်အားကြောင့် ဆက်တက်မရဘဲ လက်လျှော့ရခါနီး အနေအထားမှာ လက်မောင်းမှာ ဒဏ်ရာရနေတဲ့ ဆရာကလားတစ်ယောက် ဘယ်သူမှထင်မှတ်မထား လောက်အောင် သူကိုင်ဆောင်နေတဲ့ သေနတ်ကိုဘေးက သူငယ်ချင်းဆီပစ်ပေးပြီး လက်ပစ်ဗုံးတွေ လက်မှာကိုင်၍ ဘန်ကာကိုအပြေးတက်ပြီး ပစ်သွင်းခဲ့တော့တယ်။
သူ့ရဲ့ ရဲရင့်တဲ့စွမ်းဆောင်ချက်ကြောင့် ခံပစ်ပစ်ပေးနေတဲ့ ဘန်ကာထဲက ရန်သူသုံးယောက်သေဆုံးခဲ့ပြီး သေလုသေခင်ရန်သူတစ်ဦးရဲ့ အနီးကပ်ပစ်ချက်မှာ ရဲရင့်စွာနဲ့ သူရဲကောင်းကြီး ဆရာဝင်းမြင့်သူ ခေါ် ဆရာကလား ကျဆုံးခဲ့တော့တယ်။ အဲဒီရက်စွဲကို ကျနော်မှတ်မိနေတယ် ၂၉-၅-၂၀၂၃ ပေါ့။
ဆရာကလားဟာ ပေးအပ်တဲ့တာဝန်ကို အပြီးသတ်ကျေပွန်စွာမထမ်းဆောင်သေးခင် နောက်ဆုံးစက္ကန့် အရွေ့လေးမှာ နေမကောင်းရှာတဲ့ သူ့ရဲ့အမေအို၊ သူရဲ့ ချစ်ဇနီး၊ သမီးနဲ့သားလေးကို သူ့စိတ်ထဲက နှုတ်ဆက်ခဲ့ပြီး တက်သွားခဲ့လေသလားဆိုတာတော့ သူပဲသိနိုင်လိမ့်မယ်ထင်တယ်။
ဒဏ်ရာရထားတာတောင် နောက်ဆုတ်ခြင်းမရှိဘဲ သူရဲကောင်းတစ်ယောက်ရဲ့ နှလုံးသားမျိုးနဲ့ သူ့ရဲ့ အသက်ပေး စွမ်းဆောင်ချက်နဲ့အတူ အဲ့ဒီအရေးကြီးနေရာကို ညမှောင်စမှာ တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တော့တယ်။ ဒီတိုက်ပွဲမှာ ဆရာဝင်းမြင့်သူနဲ့ အတူ သူတို့တပ်ရင်းက စစ်သည် (၄) ဦး အသက်ပေးလှူခဲ့ရတယ်။
သူတို့ရဲ့ (xx) တပ်ရင်းက စစ်သည်တွေ သတ္တိကောင်းကြလွန်းလို့ သတ္တိရှိတဲ့နေရာမှာ ဆရာဝင်းမြင့်သူနဲ့ ဘက်တူရင်တူ၊ မတူရင်သူ့ထက်သာသူချည်းပဲ ကြိုက်တဲ့ရန်သူလာပစေဆိုပြီး နောက်ပြောင်တဲ့ မှတ်ချက်လေးတောင် စကားတွင်သွားခဲ့တယ်။
အဲ့ဒီကစပြီး ရှေ့ဆက်ရင်း သူတို့တပ်ရင်း ရည်မှန်းချက် မြို့ရှိရာကိုအချိန်တစ်ခုမှာ ဆက်လက်တိုက်ခိုက် ရောက်ရှိအောင်မြင်ခဲ့တော့တယ်။ နောက်ထပ် တိုက်ပွဲတွေမှာလည်း သူတို့တပ်ရင်းကစစ်သည်တွေဟာ ထူးချွန်ပြောင်မြောက်စွာနဲ့ ဆက်လက်တိုက်ပွဲဝင်ခဲ့ကြတယ်။
ဒဏ္ဌာရီတွေထဲက legend တွေ၊ Hero တွေ ဆိုတာမျိုးကို တကယ်မျက်ဝါးထင်ထင် တွေ့ခဲ့ ကြုံခဲ့ရသူတွေအဖို့တော့ ဘဝတသက်တာလုံး ဘယ်တော့မှမမေ့နိုင်တော့မယ့် ဝမ်းနည်းဖွယ် အမှတ်တရအဖြစ် ရင်မှာသိမ်းပြီး အစဉ်ထာဝရလေးစားဂုဏ်ယူဖြစ်နေကြမှာပါ။
နိုင်ငံတော်နဲ့ တပ်မတော်အတွက်၊ တပ်ရင်းအတွက်၊ သူ့ဆရာရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်အတွက် တပ်မတော်သားပီပီ ပေးအပ်လာတဲ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်နိုင်ဖို့ သူ့အသက်ကို မြင့်မြတ်စွာ ပေးလှူရှာခဲ့တဲ့ ဆရာဝင်းမြင့်သူအတွက် ထိုက်တန်လွန်းတဲ့ သူရဘွဲ့ကို နိုင်ငံတော်က ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
သူရဘွဲ့ရရှိသွားသူ တ-၂၅၃၇၄၇၊ တပ်ကြပ်ကြီး ဝင်းမြင့်သူ အား ဒီပို့စ်လေးနဲ့ ချီးကျူးဂုဏ်ပြု ဖော်ပြပေးလိုက်ပါတယ်။