ဥရောပထိပ်တန်းလိဂ် ပွဲကစားချိန်အများဆုံးမှတ်တမ်းဝင်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခု၏ မှတ်တမ်းမှတ်ရာများကို သတင်းဌာနအသီးသီးက ထုတ်ပြန်လျက်ရှိပြီး ရမှတ်အများဆုံးအသင်းအဖြစ် မန်စီးတီး၊ ပွဲကစားချိန်အများဆုံးကစားသမားအဖြစ် ဘရူနိုဖာနန်ဒက်စ်တို့ မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၃)ရာသီဆက်တိုက် ဆွတ်ခူးရရှိခဲ့သည့် မန်စီးတီးအသင်းက ၂၀၂၃ ခုနှစ်အတွင်း ရမှတ် (၉၃) မှတ်အထိ ရယူနိုင်ခဲ့ပြီး ရမှတ်အများဆုံးအသင်းအဖြစ် ရပ်တည်ခဲ့သည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့်နှစ်အတွင်း အမှတ်ပေးပွဲ စုစုပေါင်း (၃၉)ပွဲ ကစားခဲ့ရပြီး အမြင့်ဆုံးရနိုင်သည့် (၁၁၇) မှတ်အနက် (၉၃) မှတ်အထိရရှိကာ ရမှတ်ဆုံးရှုံးမှု (၂၄)မှတ်သာ ရှိခဲ့သည်။

မန်စီးတီးအသင်းသည် ၂၀၂၃ ခုနှစ်အတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆုအပြင် FA ဖလား၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလား၊ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲများတွင်လည်း ဗိုလ်စွဲခဲ့ပြီး တစ်နှစ်အတွင်း ဆုဖလား(၅)လုံး ရယူနိုင်သည့် ပထမဆုံး အင်္ဂလန်ကလပ် အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။    
မန်ယူအသင်းခေါင်းဆောင် ဘရူဖာနိုဒက်စ်မှာ ၂၀၂၃ ခုနှစ်အတွင်း ကလပ်နှင့် နိုင်ငံအသင်းအတွက် ပွဲ (၇၀)ကျော်နှင့် မိနစ် (၆၀၀၀)ကျော် ကစားခဲ့ရပြီး ယင်းကဲ့သို့ စွမ်းဆောင်နိုင်သည့် တစ်ဦးတည်းသောကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဘရူနိုဖာနန်ဒက်စ်သည် စုစုပေါင်း (၇၂) ပွဲတွင် (၆၂၈၈) မိနစ်အထိ ကစားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။