မန်ယူအသင်း၏ ရှယ်ယာရှင်တစ်ဦးဖြစ်လာမည့် ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်သည် အသင်းကို ပြည်ပကစားသမားများထက် ပြည်တွင်းဖြစ် အင်္ဂလန်အခြေစိုက်ကစားသမားများဖြင့် အားပြုတည်ဆောက်သွားရန် ရည်ရွယ်နေကြောင်း သိရသည်။
ဆာဂျင်ရက်ကလစ်ဖ်သည် မန်ယူအသင်း၏ ရှယ်ယာ (၂၅)ရာခိုင်နှုန်းကို လက်ရှိအသင်းပိုင်ရှင် ဂလေဇာမိသားစုထံမှ ပေါင်(၁.၃)ဘီလီယံဖြင့် ဝယ်ယူရန် သဘောတူညီမှု ရရှိထားသူဖြစ်ပြီး ဝယ်ယူခဲ့ပြီးပါက ဘောလုံးဆိုင်ရာကိစ္စရပ်များ ကို စီမံဆောင်ရွက်ခွင့်ရရှိမည်ဖြစ်သည်။
ထို့ကြောင့် INEOS ကုမ္ပဏီ၏ ဥက္ကဋ္ဌတစ်ဦးလည်းဖြစ်သည့် ဆာဂျင်ရက်ကလစ်ဖ်သည် မန်ယူအသင်း၏ အားကစားဒါရိုက်တာနှင့် အမှုဆောင်ချုပ်နေရာများကို အပြောင်းအလဲပြုလုပ်သွားရန် စီစဉ်နေသလို၊ အသင်း၏ အပြောင်းအရွှေ့စီမံကိန်းများကိုလည်း ပြင်ဆင်သွားရန် စီစဉ်နေကြောင်း သိရသည်။
ဆာဂျင်ရက်ကလစ်ဖ်သည် မန်ယူအသင်းကို အရည်အသွေးမြင့် ပြည်တွင်းဖြစ် ကြယ်ပွင့်ကစားသမားများဖြင့် အခြေပြုတည်ဆောက်သွားရန် ဆန္ဒရှိနေပြီး ယင်းအတွက်ကြောင့် နည်းပြအပြောင်းအလဲလည်း ဖြစ်ပေါ်လာဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာအချို့က သုံးသပ်ခဲ့သည်။
မန်ယူအသင်းသည်ပြည်တွင်းဖြစ် အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့်ကစားသမားများဖြင့်စုဖွဲ့ကာ အောင်မြင်မှုများ စွာ ရယူနိုင်ခဲ့ဖူးသည့်အသင်းဖြစ်သော်လည်း နည်းပြ ဖာဂူဆန်နှင့် လမ်းခွဲပြီးနောက်ပိုင်းတွင်မူ ပြည်တွင်းဖြစ်ကစားသ မားများအပေါ် အားပြုမှုလျော့ကျလာခဲ့သည်။
ဖာဂူဆန်နှင့် လမ်းခွဲခဲ့သည့် (၁၀)နှစ်တာကာလအတွင်း မန်ယူအသင်း ခေါ်ယူခဲ့သည့် ကစားသမားသစ်များထဲ၌ ဗြိတိန်ကစားသမား (၇)ဦးသာပါဝင်ခဲ့ပြီး လုခ်ရှော၊ မက်ဂွိုင်းရား၊ ဝမ်ဘစ်ဆာကာ၊ ဒန်နီယဲလ်ဂျိမ်းစ်၊ ဆန်ချို၊ မေဆန်မောင့်နှင့် ဂျွန်နီအီဗန်စ်တို့ဖြစ်သည်။
ဆာဂျင်ရက်ကလစ်ဖ်က ယင်းအခြေအနေကို ပြောင်းလဲပစ်ရန် စီစဉ်နေခြင်းဖြစ်သောကြောင့် ၎င်းအလိုရှိသည့်ပုံစံအတိုင်း အကောင်အထည်ဖော်ပေးနိုင်မည့် နည်းပြကိုသာ ပြောင်းလဲလက်တွဲသွားဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာအချို့က သုံးသပ်ခဲ့ခြင်းဖြစ်သည်။
crd;eleven