နျူထိပ်ဖူးသယ်ဆောင်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်ကို ရုရှား စမ်းသပ်ပစ်လွှတ်မှုအောင်မြင်

နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောမှ နျူကလီးယားထိပ်ဖူးတွေသယ်ဆောင်ရန် ဒီဇိုင်းထုတ်လုပ်ထားတဲ့ တိုက်ချင်းပစ်ဒုံးကျည် (ICBM) ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ရုရှားစစ်တပ်က နိုဝင်ဘာ ၅ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရုရှားနဲ့ အနောက်အုပ်စုအကြား တင်းမာမှုတွေ တိုးနေချိန်မှာပဲ အဲဒီလိုသတင်းထုတ်ပြန်ခဲ့တာပါ။

အနောက်အုပ်စုနဲ့ တင်းမာမှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့ သမ္မတဗလာဒီမာပူတင်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ကမ္ဘာလုံးဆိုင်ရာနျူကလီးယားစမ်းသပ်မှုတားမြစ်ချက်မှ ရုရှားနုတ်ထွက်တဲ့ဥပဒေကြမ်းကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

အခုစမ်းသပ်ခဲ့တဲ့ Imperator Alexander III ဗျူဟာမြောက် ဒုံးကျည်ခရူဇာဟာ ရုရှားနိုင်ငံမြောက်ပိုင်းရှိ ပင်လယ်ဖြူအတွင်း ရေအောက်အနေအထားမှ Bulava ဒုံးကျည်ကို ပစ်ခတ်ခဲ့ရာ အရှေ့ဘက်စွန်း Kamchatka ဒေသရှိ ပစ်မှတ်ကို ထိမှန်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။

စမ်းသပ်ပစ်လွှတ်မှုအခြေအနေ အသေးစိတ်ကိုတော့ အဲဒီထုတ်ပြန်ချက်ထဲမှာ ရှင်းရှင်းလင်းလင်း မဖော်ပြထားပါဘူး။

Imperator Alexander III ဟာ Bulava ဒုံးကျည် ၁၆ စင်းစီတင်ဆောင်သည့် Borei-အတန်းအစား နျူကလီးယား ရေငုပ်သင်္ဘောတွေထဲမှ တစ်ခုဖြစ်ပြီး လာမယ့်ဆယ်စုနှစ်တွေအတွင်း ရုရှားနျူကလီးယားတပ်ဖွဲ့တွေရဲ့ ရေတပ်အဓိကအစိတ်အပိုင်းအဖြစ် အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားကြောင်း အေပီသတင်းအရ သိရပါတယ်။

လက်ရှိကာလအထိ ရုရှားရေတပ်မှာ Borei-အတန်းအစား ရေငုပ်သင်္ဘောသုံးစင်းရှိပြီး နောက်ထပ်တစ်စင်းမှာ စမ်းသပ်မှုတွေပြီးစီးခဲ့ကြောင်း၊ ကျန်သုံးစင်းကိုလည်း တည်ဆောက်ဆဲဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။