
ထောပတ်သီး ကြိုက်ကြလား
နွားနို့၊ သကြားတို့နဲ့ ဖျော်သောက်လေ့ရှိတဲ့ ထောပတ်သီးဖျော်ရည်ကို သစ်သီးဖျော်ရည်တွေထဲမှာ အကြိုက်ဆုံးလား! ဒါဆိုရင်တော့ အကြိုက်ဆုံး အစားအစာလေးဖြစ်တဲ့ ထောပတ်သီးစားရင်း ကျန်းမာရေးအတွက် ဘယ်လို အကျိုးထူးတွေ ရနိုင်မလဲဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။
ထောပတ်သီး ဆိုရာဝယ်
ထောပတ်သီးကတော့ အထူးတလည် ပြောစရာမလိုအောင် လူတိုင်း သိထားပြီး ဖြစ်မှာပါ။ အပြင်ခွံက အညိုရောင်၊ အညိုရင့်ရင့်၊ အစိမ်းရောင်ဆိုပြီး အမျိုးမျိုးရှိကြပါတယ်။ အလယ်မှာ အစေ့တစ်စေ့ပဲ ပါပြီး။ အသားကတော့ မှည့်သွားရင် ထောပတ်လို ပျစ်နှစ်နေတာပါ။ ဒါကြောင့်လည်း ထောပတ်သီးလို့ ခေါ်ကြတာ ဖြစ်နိုင်ပါတယ်။
ထောပတ်သီး ကြိုက်ကြလား
စားရတာ အရသာရှိတဲ့ ထောပတ်သီးလေးက အခုလို ကျန်းမာစေပါတယ်။
- ပိုတက်ဆီယမ်
- ဖောလိတ်
- ဗီတာမင် B6
- ဗီတာမင် C
- ဗီတာမင် E
- အမျှင်ဓာတ်
- သကြားဓာတ်
- အဆီဓာတ်တို့ ပါဝင်နေပါတယ်။
ထောပတ်သီး ကြိုက်ကြလား
ထောပတ်သီး ကြိုက်တယ်ဆိုရင်တော့ ထောပတ်သီး စားရင်း အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရရှိနိုင်ပါတယ်။
အသားအရေ ကျန်းမာစေတယ်
ထောပတ်သီးမှာ ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး အစိတ်အပိုင်း ဖြစ်တဲ့ အရေပြားကို အာဟာရဖြည့်ပေးနိုင်တဲ့ ဗီတာမင် C နဲ့ ဗီတာမင် E တို့ ပါဝင်နေပါတယ်။ အရေပြား ခြောက်တာ၊ ဝက်ခြံ နဲ့ ဝက်ခြံ အမာရွတ်တွေကို သက်သာစေနိုင်ပါတယ်။ အရေပြားမှာ အဖုအပိမ့်ဖြစ်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
အစာအိမ်နဲ့အူလမ်းကြောင်း ကျန်းမာစေတယ်
ထောပတ်သီးမှာ အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးကို ထောက်ကူပေးတဲ့ အမျှင်ဓာတ် ပြည့်ဝစွာ ပါဝင်နေတာကြောင့် အစာအိမ်နဲ့အူလမ်းကြောင်းကို ကျန်းမာစေပြီး ဝမ်းချုပ်မှုလည်း ကင်းစေမှာပါ။ အူနံရံတွေကိုလည်း အာဟာရစုပ်ယူမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။

ကိုယ်ခံအား ကောင်းစေတယ်
ထောပတ်သီးမှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ အာဟာရတွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တွေနဲ့ ဗီတာမင် C ပါဝင်နေတာကလည်း ကိုယ်ခံအားကို ထိထိရောက်ရောက် အားဖြည့်ပေးနိုင်ပါတယ်။
မျက်လုံး ကျန်းမာစေတယ်
ထောပတ်သီးမှာ အမြင်အာရုံ ပြဿနာတွေ ဖြစ်တဲ့ ရေတိမ် နဲ့ မျက်လုံးကြွက်သားတွေ ယိုယွင်းတာကို ကာကွယ်ပေးနိုင်တဲ့ carotenoid lutein ပါဝင်နေတာကြောင့် မျက်လုံး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။
သွေးတိုးကျစေတယ်
ထောပတ်သီးမှာ ပိုတက်ဆီယမ် ပါဝင်နေတာက သွေးပေါင်ချိန်တွေကို ထိန်းညှိပေးပြီး သွေးတိုးကျစေဖို့ ထောက်ကူပေးမှာပါ။ သွေးတိုးရှိသူတွေ စားပေးလို့ ရပါတယ်။
အရောင်ကျစေတယ်
ထောပတ်သီးရဲ့ နောက်ထပ် အာနိသင်တစ်ခုက အရောင်ကျစေတာပါ။ ထောပတ်သီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ အိုမီဂါ သရီးတို့ ပါဝင်နေတာက အရောင်ကျစေနိုင်ပါတယ်။ အဆစ်ရောင်နာ၊ လေးဖက်နာရှိသူတွေ စားသုံးပေးလို့ ရပါတယ်။
နှလုံး ကျန်းမာစေတယ်
ထောပတ်သီးမှာ သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောတွေကို ကျဆင်းစေပြီး နှလုံးရောဂါတွေ ခံစားရနိုင်ခြေကိုလျှော့ချပေးနိုင်စွမ်းရှိတဲ့ monounsaturated fat တွေ နဲ့ polyunsaturated fatတွေပါဝင်နေတာက နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ထောပတ်သီးမှာ ဗီတာမင် B6 နဲ့ ဖောလစ်အက်ဆစ် ပြည့်ဝမှုကလည်း homocysteine လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးကို ခန္ဓာကိုယ်က ချေဖျက်ရာကနေထွက်လာတဲ့ အမိုင်နိုအက်ဆစ်ကို ထိန်းညှိပေးပြီး နှလုံး မထိခိုက်အောင် ကာကွယ်ပေးပါတယ်။
ဒီအကျိုးကျေးဇူးတွေအပြင် ထောပတ်သီး စားပေးတာက
- သွေးတွင်းကိုလက်စထရော ကျစေတယ်
- သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်
- ကင်ဆာ ကာကွယ်ပေးတယ်
- ကိုယ်ဝန်ဆောင်မေမေတွေ စားသုံးပေးမယ်ဆိုရင် မေမေရော ဗိုက်ထဲက ကလေးလေးကိုပါ ကျန်းမာစေမှာပါ။