မြန်မာနိုင်ငံရဲ့မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာတာနှင့်အမျှ ဝက်မွေးမြူရေးကိုလည်း ပိုမိုကျယ်ပြန့်စွာ မွေးမြူလာကြပါသည်။ ထိုသို့မွေးမြူကြရာတွင် ဝက်သားပေါက်ဝယ်၍မွေးမြူသူများ၊ သားဖောက်ရောင်းသူများနှင့် ကိုယ်တိုင်သားပေါက်ဖောက်၍ မွေးမြူသူများလည်းရှိကြသည်။ ကိုယ်တိုင်သားဖောက်သူများအနေဖြင့် အရည်အသွေးကောင်းမွန်ပြီး ကျန်းမာသော ဝက်သားပေါက်ငယ်များရရှိရန်မှာ အရေးကြီးပါသည်။ ကျန်းမာသန်စွမ်းသော ဝက်သားပေါက်များရရှိရန်အတွက် ဝက်မဒန်းရွေးချယ်မှန်ကန်မှုရှိရန်မှာလည်း အရေးကြီးသော အချက်တစ်ချက်ဖြစ်ပါသည်။ ဝက်မဒန်းများကိုရွေးချယ်ရာတွင် အရေးကြီးသောအချက်များစွာရှိပါသည်။
ဝက်မဒန်းများကိုရွေးချယ်ရာတွင် နို့သီးတိုင် အနည်းဆုံး (၁၄ )ခု ရှိရပါမည်။ ပါဝင်သောနို့သီးတိုင်များသည် ညီညာရပါမည်။ နို့ကန်းမှုများ မရှိရပါ။ မျိုးရိုးဗီဇကောင်းမွန်ရပါမည်။ သို့မှသာ သားထိန်းစောင့်ရှောက်မှုကောင်းမွန်ပြီး မိခင်မှ ဖိမိခြင်း၊ ကိုက်ခြင်း၊ တက်နင်းမိခြင်း စသော ဆိုးကျိုးများကို ရှောင်ကျဉ်နိုင်မှာဖြစ်ပါသည်။ အကယ်၍ မှန်ကန်စွာမရွေးချယ်မိပါက သားအောင်နှုန်းမကောင်းခြင်း၊ သားထိန်းညံ့ခြင်း၊ နို့ထွက်နှုန်းမကောင်းခြင်း စသည့်ပြဿနာများစွာကို ကြုံတွေ့ရပြီး ဝက်ကလေးသေဆုံးနှုန်းများကာ စီးပွားရေးထိခိုက်မှု ရှိလာနိုင်ပါသည်။
ဝက်မွေးမြူရေးသမားများအနေဖြင့် မိမိရွေးချယ်လိုက်သော ဝက်မများသည် ကျန်းမာရေးကောင်းမွန်ပြီး ကူးစက်ရောဂါများ (ဥပမာ- ဘရူဆဲလ်လား သားလျောရောဂါ) လည်း ကင်းရှင်းရပါမည်။
ဝက်မဒန်းမများရွေးချယ်ရာတွင် ခန္ဓာကိုယ်အချိုးအစားရွေးချယ်မှုမှာလည်း အရေးကြီးလှပါသည်။ ရွေးချယ်လိုက်သော ဝက်မဒန်းမများသည် ခန္ဓာကိုယ်အချိုးစားကောင်းမွန်၍ ခြေထောက်လက်ထောက် တောင့်တင်းသန်မာရပါမည်။ သင့်တော်သော မအင်္ဂါ(တန်ဆာ) ရှိရပါမည်။ သို့မှသာ မွေးဖွားရာတွင် လွယ်ကူနိုင်မှာဖြစ်ပါသည်။
ပထမဦးစွာ ဝက်မဒန်းများကို သားတင်ရန် အကောင်းဆုံးအချိန်မှာ ၁၃၅ကီလို (ပိဿာ ၈၀)ခန့် နှင့် အသက်အားဖြင့် (၈) လ (သို့) ရက်ပေါင်း (၂၄၀)ခန့် ရှိရပါမည်။ ဝိတ်တန်းငယ်၍ အသက်ငယ်သော ဝက်မဒန်းများကို သားစပ်မိပါက သားပေါက်နှုန်းနည်းခြင်း၊ သားပေါက်ကြိမ်ရေနည်းခြင်း စသောဆိုးကျိုးများဖြစ်စေနိုင်ပါသည်။ ဝက်မဒန်းများကိုသားတင်ရာတွင် ပထမမြိုင်ကိုကျော်၍ ဒုတိယ သို့မဟုတ် တတိယမြိုင်မှသာ သားတင်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပထမမြိုင်တွင်သားဥကြွေနှုန်း (12.2 )ခန့်၊ ဒုတိယမြိုင်တွင် (14.4) ခန့်နှင့် တတိယမြိုင်တွင် (15-16) ခန့်ရှိသောကြောင့် တတိယမြိုင်မှသားတင်လိုက်လျှင် သားပေါက်ကောင်ရေ ပိုမိုရရှိနိုင်ပြီး မျိုးပွားအင်္ဂါများလည်း ကောင်းစွာဖွံ့ဖြိုးနေပြီဖြစ်သောကြောင့် သားဆက်များများအသုံးပြုနိုင်မည်ဖြစ်ပါသည်။
မျိုးဝက်မများရွေးချယ်၍သားစပ်ရာတွင် ဝက်မ၏ခန္ဓာကိုယ်အနေအထားကို မူတည်၍ အဆင့် အဆင့် (၁) မှ (၅) အထိ သတ်မှတ်ထားပါသည်။ အဆင့်( ၁ ) မှာအရမ်းပိန်လွန်ပြီး အဆင့် ( ၅ ) မှာ အရမ်းဝလွန်းခြင်းဟု သတ်မှတ်ထားပါသည်။
အဆင့် (၁) – အရမ်းပိန်နေပါက သားအောင်မှုနည်းခြင်း၊ သားမွေးရခက်ခြင်း၊ မွေးချိန်ကြာခြင်း စသောဆိုးကျိုးများကို ဖြစ်စေပါသည်။ မွေးချိန်ကြာသောကြောင့် ဝက်ကလေးသေဆုံးနှုန်းမြင့်မားခြင်း၊ နို့ဦးရည်ကောင်းစွာမရရှိနိုင်ခြင်း စသည့်ပြဿနာများကြုံတွေ့လာနိုင်ပါသည်။
အဆင့် ( ၅ ) – အရမ်းဝနေပါက အဆီများ၍ မွေးရခက်ခဲခြင်း၊ မွေးချိန်ကြာခြင်း၊ မိမိခန္ဓာကိုယ်မနိုင်ခြင်း စသောဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်။
ထို့ကြောင့် သားစပ်ရန် ခန္ဓာကိုယ်အရွယ်အစားရွေးချယ်ရာတွင် အဆင့်မပိန်လွန်း မဝလွန်းသော အဆင့် (၂) နှင့် (၃) မှာ အကောင်းဆုံးဖြစ်၍ ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားရှိနေပြီဖြစ်တဲ့အတွက် ဗိုက်ထွက်ကာ ဝဖြိုးနေသောအနေအထားဖြစ်သည့် အဆင့် (၄) ဖြစ်နေရပါမည်။ ဝက်မတစ်ကောင်ရဲ့ ကိုယ်ဝန်ဆောင်ကာလမှာ ၁၁၄ +/- ၃ရက်ရှိပါသည်။