မြေဆီလွှာရဲ့ ချဥ်/ငန် ကိန်းပမာဏ အနည်းငယ်ပြောင်းလဲမှုသည်ပင်လျှင် အပင်တွေရဲ့ မျိုးပွားနိုင်စွမ်းနဲ့ အာဟာရ စုပ်ယူနိုင်စွမ်းတွေအပေါ်မှာ အကျိုးသက်ရောက်မှုရှိတာ ဖြစ်ပါတယ်။ အချို့သော အပင်တွေဟာ မြေဆီလွှာရဲ့ ချဥ်/ငန် ကိန်း ပမာဏ ပြောင်းလဲမှုကို ခံနိုင်ရည်ရှိပြီး အချို့သော အပင်တွေကတော့ သတ်မှတ်ထားတဲ့ ချဥ်/ငန် ကိန်း ပမာဏအတွင်းမှာပဲ ပေါက်ရောက်ကြတာ ဖြစ်ပါတယ်။ အပင်အမျိုးအစားပေါ် မူတည်ပြီး တစ်ခါတစ်ရံမှာ အက်စစ်ဓာတ်ကို ပိုလိုအပ်တာ၊ အယ်ကာလီဓာတ်ကို ပိုလိုအပ်တာမျိုး ရှိကြပါတယ်။ မြေဆီလွှာရဲ့ ချဥ်/ငန် ကိန်းနဲ့ ပတ်သတ်တဲ့ ဆောင်းပါးများစွာရှိပေမဲ့ ယခုဆောင်းပါးမှာတော့ မြေဆီလွှာမှာ အက်ဆစ်ဓာတ် များတဲ့အခါ တွေ့ရတတ်တဲ့ အခြေအနေတွေကို ဦးစားပေး မျှဝေသွားမှာ ဖြစ်ပါတယ်။
မြေဆီလွှာရဲ့ ချဥ်/ငန် ကိန်း ကို တိုင်းတာရာမှာ pH ပမာဏ နဲ့ တိုင်းတာလေ့ရှိပါတယ်။ pH ဆိုတာ မြေဆီလွှာထဲမှာ ရှိနေတဲ့ ဟိုက်ဒရိုဂျင်အိုင်းယွန်း ပမာဏကို ရည်ညွှန်းပါတယ်။ ဟိုက်ဒရိုဂျင်အိုင်းယွန်းနဲ့ pH ဂဏန်းတွေဟာဆိုရင် ပြောင်းပြန်အချိုးကျပါတယ်။
ဟိုက်ဒရိုဂျင်အိုင်းယွန်းပမာဏ များနေရင် အက်စစ်ဆန်တယ်လို့ သတ်မှတ်နိုင်ပြီး ဟိုက်ဒရိုဂျင်အိုင်းယွန်းပမာဏ နည်းနေရင် အယ်ကာလီဆန်တယ်လို့ သတ်မှတ်ကြပါတယ်။
pH မှာဆိုရင် ကိန်းဂဏန်းအားဖြင့် သတ်မှတ်ချက် ၁ ကနေ ၁၄ အထိ ရှိပါတယ်။
မြေဆီလွှာရဲ့ ချဥ်/ငန် ဓာတ်ကို တိုင်းလိုက်လို့ ၇ မှာရှိနေရင် မျှတတဲ့အခြေအနေ (သို့မဟုတ်) ဓာတ်ပြယ်တဲ့ အခြေအနေလို့ သတ်မှတ်နိုင်ပါတယ်။ ချဥ်/ငန် ဓာတ်ကို တိုင်းလိုက်လို့ ၇ အောက် လျော့နည်းနေရင်တော့ မြေချဥ်တယ် (အက်ဆစ်ဆန်တယ်) လို့ သတ်မှတ်နိုင်ပြီး ၇ အထက်မှာ ရှိနေရင်တော့ မြေငန်တယ် (အယ်ကာလီဆန်တယ်) လို့ သတ်မှတ်နိုင်ပါတယ်။ မြေဆီလွှာ အများစုဟာတော့ ယေဘူယျအားဖြင့် မြေချဥ်ငန်ကိန်း ၃.၅ မှ ၁၀ အတွင်းရှိကြပါတယ်။ စိုက်ပျိုးရေးမှာဆိုရင်တော့ သီးနှံအများစုဟာ မြေ ချဥ်/ငန်ကိန်း ၆.၅ ကနေ ၇.၅ အတွင်းဆိုရင် သင့်တော်ပြီး ၎င်းအခြေအနေမှာ သီးနှံအများစု စိုက်ပျိုးဖြစ်ထွန်းနိုင်တာ ဖြစ်ပါတယ်။
မြေ ချဥ်/ငန်ကိန်းကို အောက်ပါအတိုင်း သတ်မှတ်လေ့ရှိကြပါတယ်။
- အလွန် ချဥ် > ၄.၀ နဲ့ အောက်
- ချဥ် > ၄.၀ – ၅.၀
- အနည်းငယ် ချဥ် > ၅.၀ – ၆.၅
- သမမျှတ (မချဥ် မငန်) > ၆.၅ – ၇.၅
- ငန် > ၇.၅ – ၈.၀
- အနည်းငယ်ငန် > ၈.၀ – ၉.၀
- အလွန် ငန် > ၉.၀ နဲ့ အထက်
အဓိက ကတော့ သီးနှံတွေစိုက်ပျိုးရာမှာ မိမိစိုက်ပျိုးမယ့် သီးနှံရဲ့ ကြိုက်နှစ်သက်တဲ့ မြေ ချဥ်/ငန် ကိန်း ကို သိဖို့လိုအပ်ပါတယ်။ ထို့နည်းတူ မိမိစိုက်ခင်း မြေဆီလွှာရဲ့ ချဥ်/ငန် ကိန်း ကိုလည်း သိရှိဖို့ လိုအပ်ပါတယ်။ ယနေ့ခေတ်မှာ မြေဆီလွှာ ချဥ်/ငန် ကိန်းနဲ့ အာဟာရဓာတ် ပါဝင်မှုတွေကို အလွယ်တကူ စစ်ဆေးနိုင်တဲ့ Soil Test Kit တွေ pH Meter တွေ ကို အလွယ်တကူ ဝယ်ယူ အသုံးပြုနိုင်ပါတယ်။ မိမိစိုက်ခင်းရဲ့ မြေ ချဥ်နေလား ငန်နေလား သေချာမသိဘဲ ပြုပြင်မယ်ဆိုရင်လည်း ထိရောက်မှု ရှိမှာ မဟုတ်ပါဘူး။
ဥပမာအနေနဲ့ ပြောရရင် ခြောက်လပန်းပင်၊ အားလူး၊ ပန်းသီး၊ သခွား၊ ပန်းဂေါ်ဖီစိမ်း၊ သခွားမွှေး၊ ကြက်သွန် စတဲ့ အပင်တွေကတော့ အက်ဆစ်ဓာတ်ကို ကြိုက်နှစ်သက်တဲ့ အပင်တွေ ဖြစ်ပါတယ်။
နောက်ပြီးတော့ ကညွတ်၊ ကိုက်လန်၊ ရို့စ်မယ်ရီ၊ စမုန်ဖြူ၊ လာဗန်ဒါ၊ ထပ်တရာပန်း၊ မုန်ညှင်း၊ ဖရဲသီး စတဲ့ အပင်တွေကတော့ အယ်ကာလီဆန်တဲ့ မြေကို ကြိုက်နှစ်သက်တဲ့ အပင်တွေ ဖြစ်ပါတယ်။
မြေဆီလွှာမှာ အက်ဆစ်ဓာတ် များနေတဲ့အခါ တွေ့ရတတ်တဲ့ အခြေအနေများ
– အက်ဆစ်ဓာတ် များတဲ့အခါမှာ အပင်တွေဟာ ကြီးထွားမှု ရပ်တန့်သွားပြီး သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။
– ဒါ့အပြင် အရွက်တွေဝါလာတာ၊ ပန်းမပွင့်တာ၊ အသီးတွေ မရင့်မှည့်တာ၊ အပင်မပေါက်နိုင်တာ၊ အပင်အစိတ်အပိုင်းတွေ ကြွတ်ဆတ်လာတာ စသည်ဖြင့်လည်း တွေ့ရှိရတတ်ပါတယ်။
– အက်ဆစ်ဓာတ်များတဲ့ မြေမှာ အလူမီနီယံပျော်ဝင်မှု များပါတယ်။ အလူမီနီယံဓာတ် များနေခြင်းဟာ အပင်များရဲ့ ရှင်သန်ကြီးထွားနိုင်မှုကို ထိခိုက်စေနိုင်ပါတယ်။
– အက်စစ်ဓာတ်များတဲ့ မြေတွေမှာ အပင်များအတွက် လိုအပ်တဲ့ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်နှင့် မိုလစ်ဒင်နမ်ကဲ့သို့သော အာဟာရဓာတ်တွေကို စုပ်ယူ ရရှိနိုင်ဖို့ ခက်ခဲစေနိုင်ပါတယ်။
– ထို့အပြင် အပင်တွေဟာ ဖော့စဖောရပ်စ်ဓာတ်ကို ရယူနိုင်ဖို့လည်း ခက်ခဲစေနိုင်ပါတယ်။ ဖော့စဖောရပ်စ်ဟာ အစာချက်လုပ်ဖို့သာမက အစေ့အဆန်နဲ့ အသီး၊ အပွင့်တွေ ဖြစ်ပေါ်လာဖို့အတွက်လည်း အရေးပါတဲ့ အာဟာရဓာတ် ဖြစ်ပါတယ်။
– အက်ဆစ်ဓာတ်များတဲ့ မြေဆီလွှာမှာ စပါးစိုက်ပျိုးတဲ့အခါ စပါးနီတို၊ ရွက်ဖုံးခြောက်စတဲ့ ရောဂါပြဿနာတွေလည်း ဖြစ်ပွားနိုင်ပါတယ်။
– အရွက်တွေပေါ်မှာ Chlorosis လို့ခေါ်တဲ့ အဝါရောင်အစက်အပြောက်တွေ ပေါ်လာတာမျိုးလည်း တွေ့ရမှာ ဖြစ်ပါတယ်။ Chlorosis ဆိုတာဟာ ကလိုရိုဖီးလ် ချို့တဲ့ခြင်းရဲ့ လက္ခဏာဖြစ်ပြီး ရွက်ကြောတစ်လျှောက်မှာ အဝါရောင်ပြောင်းလာပြီး နောက်ပိုင်းမှာ ဖြူဖျော့လာမှာ ဖြစ်ပါတယ်။
– မိမိရဲ့ မြေဆီလွှာဟာ အက်ဆစ်ဓာတ်ဆန်နေတာကို မသိဘဲ ယူရီးယား(ပုလဲ) မြေသြဇာနဲ့ သဘာဝမြေသြဇာတွေ အလွန်အကျွံအသုံးပြုခြင်းဟာလည်း မြေဆီလွှာမှာ အက်ဆစ်ဓာတ်ကို ပိုမိုများပြားစေပါတယ်။
မြေချဥ်တာကို ပြုပြင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ထုံး (ကယ်လ်စီယမ် ကာဗွန်နိတ်) ထည့်ပေးခြင်းဖြစ်ပါတယ်။
ထုံးကို ၁ ဧကလျှင် အိတ် ၂၀ ခန့် အထိ သို့မဟုတ် ၃၀၀ – ၆၀၀ ပိဿာ အထိ ထည့်ပေးနိုင်ပါတယ်။ စိုက်ခင်း မြေဆီလွှာရဲ့ လိုအပ်မှု အခြေအနေပေါ်မူတည်ပြီး နှုန်းထားပြောင်းလဲ အသုံးပြုရမှာဖြစ်ပါတယ်။ ထုံးထည့်တဲ့အခါမှာ သီးနှံတွေကို မထိခိုက်စေဖို့အတွက် သီးနှံမစိုက်ပျိုးခင် ၁ လ (သို့မဟုတ်) ၆ လ လောက်ကတည်းက ကြိုတင်ပြီး ထည့်ပေးထားသင့်ပါတယ်။ ထုံးထည့်ပြီးတာနဲ့ မြေကြီးကို သမအောင် ပြန်မွှေပေးသင့်ပါတယ်။ ထုံးထည့်ပေးခြင်းအားဖြင့် အပင်အတွက် လိုအပ်တဲ့ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်၊ နိုက်ထရိုဂျင်နဲ့ ဖော့စဖောရပ်စ်ဓာတ်များကိုလည်း ရရှိစေနိုင်ပါတယ်။ ဒါ့အပြင် သံဓာတ်နဲ့ အလူမီနီယမ်ဓာတ်များ အဆိပ်သင့်ခြင်းများမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ထုံးထည့်ပေးလိုက်ခြင်းဖြင့် အဏုဇီဝသက်ရှိများရဲ့ ရှင်သန်ပေါက်ပွားနိုင်မှုကို ကောင်းစေပြီး မြေစေးမှုကိုလည်း လျော့နည်းစေကာ မြေသားဖွဲ့စည်းပုံကိုလည်း ပိုမို ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်”