ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့နေ့မှာပဲ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ၈ နှစ်ကြာ ထောင်ဒဏ်ကို စတင် ကျခံလိုက်ရပါတယ်။
ဩဂုတ်လ ၂၂ ရက် မနက်ပိုင်းက ဘန်ကောက်မြို့မှာရှိတဲ့ ဒွန်မောင်းလေဆိပ်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အသက် ၇၄ နှစ်အရွယ် သက်ဆင်ဟာ ကိုယ်ပိုင်ဂျက်လေဆိပ်ခန်းမမှာရှိတဲ့ ထိုင်းဘုရင်မင်းမြတ်နှင့် မိဖုရားတို့ရဲ့ ပုံကြီးရှေ့မှာ အရိုအသေပြုကန်တော့ပြီးတဲ့နောက်မှာ သူ့ကို ထိုင်းနိုင်ငံရဲ့ တရားရုံးချုပ် ရာဇဝတ်မှုခင်းဌာနသို့ ခေါ်ဆောင်မသွားခင် ဆွေမျိုးတွေ မီဒီယာတွေနှင့် ၁၀ မိနစ်တွေ့ဆုံခွင့်ပေးခဲ့ပါတယ်။
လေဆိပ်မှာ သူ့ကို လာရောက် စောင့်ကြိုနေသူတွေနဲ့ မီဒီယာတွေကို ခဏတာ နှုတ်ဆက်ခဲ့ပြီးနောက် ရဲတွေက သူ့ကို လေဆိပ်ကနေ တရားရုံးချုပ်ဆီ ခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီကနေတဆင့် သက်ဆင်ဟာ ဘန်ကောက်မှာပဲရှိတဲ့ ရာမန်အကျဉ်းထောင်ကြီးဆီ ပို့ဆောင်ခံလိုက်ရပါတယ်။
အကျဉ်းထောင်အတွင်း သူ့ကို ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ပြီး အကျဉ်းခန်းထဲမှာ နေထိုင်ဖို့ လုံလောက်တဲ့ ကျန်းမာရေး ကောင်းမွန်မှု မရှိသေးတဲ့အတွက် ကုသဆောင်မှာပဲ နေရဦးမယ်လို့ ဆိုပါတယ်။ သက်ဆင်ဟာ အဆုတ်နဲ့ နှလုံးမှာ ထိခိုက်မှုတွေ ရှိထားတယ်လို့ အကျဉ်းထောင်ဘက်က ထုတ်ပြန်ထားကြောင်းသိရပါတယ်။




