ခရမ်းပင်တွင် ကျရောက်ဖျက်ဆီးတတ်သော ပိုးမွှားများ 

 ခရမ်းခေါင်ညွှန့်ထိုးပိုးနှင့် သီးလုံးဖောက်ပိုး

    ခရမ်းစိုက်ပျိုးရေးတွင် ခေါင်ညွှန့်ထိုးပိုးနှင့် သီးလုံးဖောက်ပိုးသည် အဆိုးရွားဆုံးသော ဖျက်ပိုးဖြစ်သည်။ အရွက်မျက်နာပြင်ပေါ် ၊ အညွန့်၊ ပန်းအဖူးနှင့် အသီးများထဲတွင် အရွယ်ရောက်ကောင်များသည်  ဥများ ဥချသည်။ အမတစ်ကောင်သည် ဥပေါင်း ၂၅၀ အထိဥချနိုင်သည်။ ဥမှပေါက်လာသော ပိုးလောက်ကောင်များသည် အပင်အစောပိုင်းတွင် အညွန့်များအတွင်း ထိုးဖောက်စားသုံးသဖြင့် အပင်ညွန့်များ ညှိုးခြောက်သွားသည်။ ထိုပြင် ပိုးလောက်ကောင်များနှင် အရွက်လိပ်ပိုးထုပ်များကို အလွယ်တကူတွေ့နိုင်သည်။ ပန်းပွင့်အဖူးများနှင့် အသီးလုံးများ စတင်ချိန်တွင်လည်း ထိုးဖောက်စားသုံးပြီး အသီးများကြွေကျစေသည်။ မကြွေကျသော အသီးများတွင်လည်း စားသုံးရန်နှင့် စျေးကွက်တင်ရန် အရည်အသွေး မမှီနိုင်သော အထွက်နှုန်း များသာရရှိနိုင်ပြီး အထွက်နှုန်း ၇၀% ခန့်လျော့ကျနိုင်သည်။

    ကာကွယ်နှိမ်နင်းခြင်း

    ၁၊ ပိုးမွှားများ ကျရောက်ပြီး ဖျက်ဆီးခံရသော အပင်အစိတ်အပိုင်းများကို ဖယ်ရှားပြီး ဖျက်ဆီးခြင်းဖြင့် ပိုးခိုအောင်းနေရာများကို ဖျက်ဆီးခြင်း၊ 

    ၂၊ ပိုးမွှားဒဏ် ခံနိုင်ရည် ရှိသော မျိုးများကို ရွေးချယ်စိုက်ပျိူးခြင်း၊

    ၃၊ သီးလှည့် ၊ သီးညှပ် စိုက်ပျိုးခြင်း၊

    ၄၊ ပရိူမီနိုဖော့၊ ကာဗိုဆာဖျန်၊ လမ်ဘဒါ ဆိုင်ဟေသလိုရင်း စသော အဆိပ်ရှိပိုးသတ်ဆေးတစ်မျိူးမျိုးကို ၁၅ ရက်တစ်ကြိမ် ဖြန်းပေးပါ၊

    ၅၊ ပန်းလှိုင်လှိုင်ပွင့်ချိန်တွင် ဆိုင်ပါမီသရင်း ပိုးသတ်ဆေးကိုလည်း သုံးနိုင်ပါသည်။

 အရွက်စား လိပ်ခုံးကျိုင်း

   အရွက်စားလိပ်ခုံးကျိင်းများသည် အရှေ့တောင်အာရှ နေရာဒေသအမျိုးမျိုးမှာ တွေ့နိုင်ပါသည် ။ ခရမ်းသီးများတွင် အရေးကြီးသော ဖျက်ပိုးဖြစ်ပြီး တစ်ခါတစ်ရံ ဆိုးရွားစွာ ကျရောက်ဖျက်ဆီးတတ်ပါသည်။ သားလောင်းအဆင့်ပိုးကောင်များနှင့် အရွယ်ရောက်ကောင်များသည် အရွက်များကို အပေါ်ဘက်မှ စတင်ခြစ်စားပြီး နောက်ဆုံးအရိုးတံများသာ ကျန်ပြီး ခြောက်သွေ့သွားသည်။ အပင်အဆင့်တိုင်းတွင် ကျရောက်ဖျက်ဆီးနိုင်စွမ်းရှိသည်။ အရွက်များပေါ်တွင် ပိုးချေးများကိုလည်း အလွယ်တကူတွေ့နိုင်ပါသည်။    

ကာကွယ်နှိမ်နင်းခြင်း 

၁၊ ပိုးမွှားစတင်ကျရောက်ချိန်ဖြစ်ပါက ဥများ ၊ ပိုးလောက်ကောင်များနှင့် အရွယ်ရောက်ကောင်များ ပါသော အရွက်များကို ဖယ်ရှားဖျက်ဆီးခြင်း၊

၂၊ ကာဗာရဲ(Carbaryl 0.1%)၊ ဆိုင်ပါမီးသရင်း (Cypermethrin 0.025%) ၊ ပရိုဖီနိုဖော့ (Profenofos 0.05%) ဆေးတစ်မျိုးမျိုးပက်ဖြန်းနိုင်သည် ။ 

ပျပိုး 

ပျပိုးသည် မည်သည့်ရာသီဥတု ၊မည်သည့်နေရာမဆို ကျရောက်နိုင်သည် ။ သို့သော် အအေးပို၍ စိုထိုင်းဆများသော ရာသီဥတုတွင် ကျရောက်မှု့ ပြင်းထန်သည်။ ပိုးတုံးလုံးနှင့် အရွယ်ရောက်ကောင်များသည် အရွက်များမှ ဆဲလ်ရည်များကို စုပ်ယူ စားသောက်ကြသည်။  အရွက်၏ အောက်မျက်နာပြင်သည် တဖြည်းဖြည်း တွန့်လာပြီး တဖြည်းဖြည်း ကွေးသွားစေသည်။ အစပိုင်းတွင် အပင်၏ ရှင်သန်မှု့ ခံနိုင်ရည် နည်းသွားပြီး အပင်အဝါရောင်ပြောင်းကား ခြောက်သွေ့စေနိုင်သည်။ ဤသို့ တိုက်ရိုက်ဖျက်ဆီးမှု့အပြင် အလွန်များပြားသော အချိုရည်များကို စစ်ထုတ်ကာ ကြက်ခိူးမှိုရောဂါများကို ဖြစ်စေပြီး အရွက်များကို ဖုံးအုပ်စေသည်။ ထိုမှိုများသည် အပင်၏ အစာချက်လုပ်မှု့ကို လျော့နည်းစေသည် ။ ရောဂါကျရောက်သော အပင်များသည် သန်မာမှု့မရှိဘဲ အဝါရောင်ပြောင်းကာ အသီးများ၏ အရွယ်အစားသည်လည်း မကြီးထွားနိုင်ပေ။ 

ကာကွယ်နှိမ်နင်းခြင်း 

၁၊ စတင်ကျရောက်ချိန်တွင်စားဖိုပြာ ထူထူပက်ပေးနိုင်သည် ။

၂၊ ဒိုင်မီသအိုအိတ်(Dimethoate 0.05%) သို့မဟုတ် မိုနိုခရိတိုဖို ကို ၁၂ရက်ခြား နှစ်ကြိမ်မှ သုံးကြိမ် အထိဖြန်းပေးရသည်။ 

ယင်ဖြူ

ယင်ဖြူသည် ပင်ရည်ကိုစုပ်စားပြီး သီးနှံပင်ထဲသို့ တံတွေးအဆိပ်ကို ထိုးသွင်းသည်။ ယင်ဖြူ စုပ်စားခံရသောအပင်များတွင် ရောင်မညီကွက်ကြား ရောဂါကို ဖြစ်စေသည်။ ယင်ဖြူ ကျရောက်ပါက အရွက်အောက်ဘက်တွင် ဥများ၊ လောက်ကောင်များနှင့် အရွယ်ရောက်ကောင်များကို တွေ့ရသည် ။ တစ်ခါတစ်ရံ အရွက်၏ အပေါ်မျက်နာပြင်ပေါ်တွင် အရွယ်ရောက်ကောင်များကို တွေ့ရတတ်သည်။ 

ကာကွယ်နှိမ်နင်းခြင်း 

 ၁၊ စိုက်ခင်းအတွင်းရှိ ပေါင်းမြက်များကို ရှင်းလင်းခြင်း၊ 

 ၂၊ တမာပိုးသတ်ဆေးရည်များကို ဖြန်းပေးခြင်း၊

 ၃၊ ငွေရောင် (သို့မဟုတ်)အလူမီနီယမ် ပလပ်စတစ်များဖြင့် ဖုံးအုပ်ပေးခြင်း၊

 ၄၊ အီမီဒါကလိပရစ်( Imidachloprid)၊ သိုင်ရာမီသောက်ဆင် (Thiamethozan) နှင့် ဒိုင်နိုတီဖျူရန်(Dinotefuran) စသော ဆေးများကို အသုံးပြု နိုင်သည်။ 

ဇော်ရဲသူ

Reference : Wikipedia (စွယ်စုံကျမ်း) နှင့် Agri leaner ဖုန်းအက်ပလီကေးရှင်း

“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်”