ပွိုင့် ၆၀၄၁ စခန်းတိုက်ပွဲ (သို့မဟုတ်) အမိမြေမှ သားကောင်းများ- ၁

တန့်ယန်းဒေသအတွင်းရှိ ပွိုင့် ၆၀၄၁ စခန်းတိုက်ပွဲသည် တပ်မတော်အတွက် စံပြုရမည့်တိုက်ပွဲကြီးတစ်ပွဲ ဖြစ်သကဲ့သို့ တပ်မတော် ၏ဇွဲရှိမှု သတ္တိရှိမှု စစ်ရေးစွမ်းရည်ထက်မြက်မှုတို့ကို ဖော်ပြနိုင်ခဲ့သောတိုက်ပွဲ ဖြစ်သဖြင့် စံနမူနာအဖြစ်သင်ခန်းစာရယူနိုင်စေရန် ဖော်ပြပေး လိုက်ပါတယ်။
ထိုတိုက်ပွဲတွင် တပ်မတော်မှ အင်အား ၅၇ ယောက်သာ ရှိသောစခန်းအား ဗကပ တပ်မဟာ (၈) နှင့် တပ်မဟာ (၁၂) အင်အား ၂၀၀၀ ခန့် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ရာ အင်အားကိုကြည့်ခြင်းဖြင့် တိုက်ပွဲ၏အခြေအနေအား သုံးသပ်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် တိုက်ပွဲပုံသဏ္ဍန် အား ဖော်ပြခြင်းဖြင့် တပ်မတော်၏ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့နိုင်မည် ဖြစ်သည်။
တပ်မတော်သမိုင်းတွင် မော်ကွန်းထိုးရမည့် ထိုတိုက်ပွဲစဉ်များကိုပေါ်လွင်အောင်ဖော်ပြလိုက်ရပါသည်။
၁၉၇၈ခုနှစ် မတ်လ ၆ ရက် ၀၈း၀၀ ချိန်ခန့်တွင် ဗကပ တပ်မဟာ (၈) နှင့် တပ်မဟာ (၁၂) အင်အားစုများသည် တာဆိုင်းလျန် ကူးတို့ ဆိပ်မှ ဖြတ်ကူးလျှက် လွယ်စန့်သို့ရောက်ရှိလာကြောင်း ပြည်သူများ၏ သတင်းပေးချက်ရရှိခဲ့ပါသည်။ ထို့ကြောင့် ရတခလရ(၂)မှ တပ်ခွဲမှုူး ဗိုလ်ကြီးသိန်းထွန်းတင်သည် နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးတာဝန်များ ဆောင်ရွက်နေသော ဗိုလ်ခင်မောင်အေးဦးစီး လှုပ်ရှားတပ်စုအား ပွိုင့် ၆၀၄၁ သို့ ပြန်လည်ဝင်ရောက်ရန် အကြောင်းကြား ခေါ်ယူခဲ့သည်။ ထို့အပြင် လွယ်စန့်စခန်းမှ အင်အား ( ၆ ) ယောက်ပါ တပ်စိတ်တစ်စိတ်ကို ထုတ်နှုတ်ကာ လက်နက်ကြီး ခြေကုတ်အဖြစ် ရန်သူအသုံးပြုနိုင်သော ပွိုင့် ၅၀၅၈ တောင်ကုန်းအား ကင်းပုန်းဝပ်ရန် စေလွှတ်ခဲ့ပါသည်။ လမ်းတွင် လှုပ်ရှားတပ်စုနှင့်တွေ့ဆုံပြီး ဗိုလ်ခင်မော်အေးမှ ရန်သူ့ အင်အားပေါ်မူတည်၍ ယင်းတပ်စိတ်အား ၎င်းကိုယ်တိုင် ကွပ်ကဲမှုယူ ကင်းပုန်းဝပ်နိုင်ရန် တပ်ခွဲမှုူးထံတင်ပြကာ ၁၀း၃၅ တွင် ထွက်ခွာကင်းပုန်းဝပ်ခဲ့ပါသည်။
မတ်လ ၆ ရက် ၂၁း၀၀ ချိန်တွင် မုန်းယိုင်ဘက်မှ ဗကပ အင်အား ( ၈၀ ) ခန့်နှင့် လက်နက်ကြီးအဖွဲ့သည် ဗိုလ်ခင်မောင်အေးတို့ ကင်း ပုန်းဝပ် စောင့်ဆိုင်းနေသော တောင်ကုန်းသို့ ချည်းကပ်ချီတက်လာရာ တပ်မတော်မှ ကိုက် ၅၀ ထိ အကပ်ခံပြီး စတင်ပစ်ခတ်တိုက်ခိုက်ရာ အနီးကပ်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ရန်သူမှ ၎င်းတောင်ကုန်းအား သိမ်းပိုက်ရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း နောက်ဆုံးတွင် အထိနာစွာဖြင့် ပြန်လည်ဆုတ်ခွာသွားကြသည်။ သို့ရာတွင် အပြီးတိုင်ဆုတ်ခွာခြင်း မဟုတ်ဘဲ လက်နက်ကြီးပစ်ကူဖြင့် ထပ်မံလုံးထွေး တိုက်ခိုက်လာရာ ပွိုင့် ၆၀၄၁ မှ လက်နက်ကြီးပစ်ကူဖြင့် တပ်မတော်မှ ပြန်လည်ခုခံတိုက်ခိုက်ခဲ့သည်။
ဗကပတို့သည် ထိုတောင်ကုန်းကို သိမ်းပိုက်ရရှိနိုင်ရန်အတွက် ငါးကြိမ်တိတိ ကျားထိုး တိုက်ခိုက်ခဲ့သော်လည်း တပ်မတော်မှ အောင်မြင်စွာခုခံ တွန်းလှန်နိုင်ခဲ့သည်။ သို့ရာတွင် ဗကပတို့သည် ထိုတပ်စိတ်အားနောက်မှ ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက် ရန်ကြိုးစားလာသည့်အတွက် ပင်မတောင်ကုန်းသို့ အဖွဲ့လိုက် ဆုတ်ခွာစေခဲ့ရာ ရန်သူ့ကြားဖြတ်အဖွဲ့နှင့် တွေ့ဆုံတိုက်ပွဲဖြစ်ပွားပြီး ဗိုလ်ခင်မောင်အေး ကျဆုံးခဲ့ပါသည်။
ရန်သူသည် ထို ပွိုင့် ၅၀၅၈ တောင်ကုန်းအားခြေကုတ်ယူကာ ၎င်းမှတဆင့် တောင်ကြောအတိုင်း ချဉ်းကပ်လာပြီး နားလိန်ရွာတွင် တပ်ဖြန့်ရင်းငြိမ်နေခဲ့သည်ကိုတွေ့ရသည်။
ပွိုင့် ၆၀၄၁ တောင်ကုန်းအား ရင်ဆိုင်ထားပြီး နောက်နေ့ မတ်လ ၇ ရက်နေ့တွင် နောင်လိုင်နှင့် ပါဖန် စခန်းတို့ အား ၀၆း၀၀ ချိန်မှ စတင် ၍ ဗကပအင်အား ၆၀ ခန့်မှ လက်နက်ကြီးပစ်ကူဖြင့် စတင်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ပွိုင့် ၆၀၄၁ မှ လက်နက်ကြီး ပစ်ကူပေးခုခံခဲ့ရာ ၁၃း၀၀ ချိန်ခန့်တွင် ရန်သူ့တိုက်စစ်ရပ်တန့်သွားခဲ့သည်။ ထိုအချိန်တွင် ရန်သူ့တပ်ဖြန့်မှုအား သိရှိနိုင်ရန်အတွက် နားလိန်ရွာသို့ တပ်စိတ်တစ်စိတ် စေလွှတ်ထောက်လှမ်းစေခဲ့ရာ ဗကပ အင်အား ၃၀ ခန့်ဖြင့် အနီးကပ်ထွေးလုံးရစ်ပတ် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး ထိုအဖွဲ့သည် ပွိုင့် ၆၀၄၁ သို့ ၁၅း၀၀ တွင် ပြန်လည်ရောက်ရှိခဲ့ပါသည်။ သို့ရာတွင် ၎င်းတပ်စိတ်မှ စစ်သည်တစ်ဦး ကျဆုံးခဲ့ပါသည်။
ရန်သူသည် ပွိုင့် ၆၀၄၁ တောင်ကုန်းရှိ စခန်းနှစ်ခုကြားသို့အင်အား ၂၀၀ခန့်ဖြင့် ဝင်ရောက်လာပြီး လက်နက်ကြီး/လက်နက်ငယ် လောက်ချာတို့ဖြင့် ပြင်းထန်စွာပစ်ခတ်တိုက်ခိုက်ရာ စခန်းနှစ်ခုစလုံးမှ စနစ်တကျ ပြန်လည်ခုခံတိုက်ခိုက်သဖြင့် ရန်သူသည် အထိအခိုက်အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
နောက်တနေ့ဖြစ်သော မတ်လ ၈ ရက်နေ့တွင်မူ ဗိုလ်ကြီး သိန်ထွန်းတင် ဦးစီးသော အင်အား ၅၇ ယောက်စခန်းအား ဗကပတို့မှ ၀၆း၀၀ ချိန်မှစတင်၍ ၈၂ မမ၊ ၅၇ မမ၊ ပွိုင့် ၅ စက်သေနတ်ကြီး ၊ ၆၀ မမ စိန်ပြောင်းတို့ဖြင့် ပြင်းထန်စွာပစ်ခတ်တိုက်ခိုက်လာခဲ့ပါသည်။ ရန်သူသည် အဝေးမှ လက်နက်ကြီးများဖြင့်သာပစ်ခတ် တိုက်ခိုက်နေသဖြင့် မိမိစစ်သည်များက တုန့်ပြန်ပစ်ခတ်ခြင်း မပြုခဲ့ပေ။ ထိုသို့ မိမိဘက်မှ ကျည်မဖြုန်းတီးပဲ ငြိမ်သက်နေခြင်းကို အားမရနိုင်သော ဗကပများသည် တောင်ဘက်စခန်းကုန်းအား တောင်ဘက်မျက်နှာစာမှ ချဉ်းကပ်တိုက်ခိုက်ကြပြန်သည်။ မိမိစစ်သည်များက ချဉ်းကပ်လာသောရန်သူများအား လက်ပစ်ဗုံးများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်သဖြင့် ရန်သူများ စခန်းအနီးသို့ မကပ်နိုင်ဘဲ ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။
အလားတူမြောက်ဘက်စခန်းကုန်းကိုလည်း မြောက်ဘက်တောင်စောင်းမှ ၄၀ မမ လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်လာရာ မိမိမှ ၂ လက္မ စိန်ပြောင်းဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။ ရန်သူများသည် အနီးကပ်ထပ်မံတိုက်ခိုက်မှု မရှိတော့ဘဲ အဝေးမှ လက်နက်ကြီးများ အသုံးပြုပစ်ခတ်ကာ ပိတ်ဆို့ ဝန်းရံထားခဲ့သည်။
မတ်လ ၉ ရက်နေ့ ၀၅း၀၀ ချိန်တွင် မြောက်ဘက်စခန်းကုန်းအား မြောက်ဘက်မှလည်းကောင်း၊ တောင်ဘက်စခန်းကုန်းအား တောင်ဘက်မှလည်းကောင်း လက်နက်ကြီးပစ်ကူများဖြင့် တက်ရောက်သိမ်းပိုက်နိုင်ရန် ကြိုးစားခဲ့ကြပြန်သည်။ တပ်မတော်မှ စခန်းအနီး ချဉ်းကပ်လာသောရန်သူများအား ကျည်တစ်တောင့် လူတစ်ယောက်နှုန်းဖြင့် ပစ်ခတ်ချေမှုန်းခဲ့၍လည်းကောင်း၊ တပ်မတော်(လေ)မှ လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့ခြင်းကြောင့်လည်းကောင်း အထိအခိုက်အကျအဆုံး များစွာဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။
မတ်လ ၁၀ ရက်နေ့တွင် အထိနာနေသော ဗကပ တို့သည် မိမိစခန်း ခြံစည်းရိုးအား မီးလောင်တိုက်သွင်းရန် စခန်းအခြေမှ မီးလောင် တိုက်သွင်းခဲ့ကြသည်။ သို့ရာတွင် တပ်မတော်မှ ကြိုတင်ပြင်ဆင်ထားပြီးသော မီးတားအဖွဲ့၊ မီးငြိမ်းသတ်ရေးအဖွဲ့၊လုံခြုံရေးအဖွဲ့များဖြင့် စနစ်တကျငြိမ်းသတ်နိုင်ခဲ့သည်။ သို့ရာတွင် မီးငြိမ်းသတ်နေစဉ် ရန်သူမှ ပစ်ခတ်တိုက်ခိုက်သဖြင့် စစ်သည်အချို့ ဒဏ်ရာရရှိခဲ့သည်။
မတ်လ ၁၁ ရက်နေ့တွင် အဝေးမှသာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး ၁၃း၀၀ ချိန်ခန့်တွင် ပါဖန်ဘက်မှ ရန်သူအင်အား ၁၅၀ ခန့်အဖွဲ့တစ်ဖွဲ့ လာရောက်ပူးပေါင်းကြောင်း မြင်တွေ့နေရသည်။ ထိုအချိန်တွင်ရန်သူတို့သည် ပန်ဆင်တောင်ကုန်းတွင် ကွပ်ကဲမှုအဖွဲ့ထားရှိပြီး ၈၂ မမ နှင့် ၅၇ မမ များအား တောင်ဘက်စခန်းကုန်း၏ တောင်ဘက် ပွိုင့် ၅၁၈၁ တောင်ကုန်းသို့ရွှေ့ပြောင်းနေကြသည်ကို တွေ့ရှိရသည်။ ထိုနေ့တစ်နေ့လုံး ရန်သူမှ အဝေးမှ နှောင့်ယှက်ပစ်ခတ်ခြင်းမှအပ အနီးကပ် လာရောက်တိုက်ခိုက်ခြင်းမရှိခဲ့ပေ။
ရန်သူမှ ထိုသို့ ငြိမ်သက်နေခြင်းမှာ အားမွေးနေခြင်းဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် နောက်တနေ့မတ်လ ၁၂ ရက် ၀၆း၀၀ ချိန်ခန့်တွင် လက်နက်ကြီးများစုပြုံပစ်ခတ်ပြီး စခန်း၏ အနောက်မြာက်ဘက်နှင့် တောင်ဘက်မျက်နှာစာ စခန်းနှစ်ခုကြားမှ ချဉ်းကပ်တိုက်ခိုက်လာပြန်သည်။ ရန်သူသည် ခြံစည်းရိုးအနီး ကပ်နိုင်သည်နှင့် ခြံစည်းရိုးအားလှဲခြင်း၊ ၄၀ မမ လောင်ချာဖြင့် ပစ်ခတ်ဖြိုလှဲခြင်းများ ပြုလုပ်ကာ အသုတ်လိုက် တက်ရောက်တိုက်ခိုက်ကြပြီး မြောက်ဘက်တောင်ကုန်းအား အင်အား ၂၀၀ ခန့်ဖြင့်လည်းကောင်း၊ တောင်ဘက်တောင်ကုန်းအား အင်အား ၁၅၀ ခန့်ဖြင့်လည်းကောင်း သိမ်းပိုက်နိုင်ရေး ချဉ်းကပ်တိုက်ခိုက်လာခဲ့ပါသည်။ တပ်မတော်မှ စနစ်တကျခုခံတိုက်ခိုက်ကြရာ ရန်သူမှ အကျအဆုံးများသော်လည်း နောက်ပြန်ဆုတ်လျှင် အချင်းချင်းသတ်ဖြတ်ခံရမည်ကိုစိုးရိမ်သဖြင့် အနီးကပ်ထွေးလုံးရစ်ပတ် တိုက်ခိုက်လာခဲ့ပါသည်။ တပ်မတော်မှလည်း စနစ်တကျ ပြန်လည်ခုခံတိုက်ခိုက်နိုင်မှုကြောင့် ရန်သူသည် သုံးကြိမ်တိုင်တိုင် လှံစွပ်တပ် ကျားထိုးခဲ့သော်လည်း အလောင်းများကိုပင် မကောက်နိုင်ပဲ ကစဉ့်ကလျားနှင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ရပါတော့သည်။
မိမိတပ်မတော်နှင့် အနီးကပ်ထွေးလုံး ရစ်ပတ်တိုက်ခိုက်ခဲ့မှုကြောင့် ကတုတ်ကျင်းအနီးတွင် အသက်ထွက်သွားသောရန်သူ့ အလောင်းများထံမှ M 23 စက်ကလေး တစ်လက်၊ M 22 လေးလက်၊ ၄၀ မမ ဗုံးပစ်လောင်ချာတစ်လက် ပေါင်းခြောက်လက်ကို သိမ်းဆည်းရမိခဲ့ပါသည်။ ထိုလက်နက်များဖြင့်ပင် ရန်သူကိုတန်ပြန်ခုခံတိုက်ခိုက်ရာတွင် အသုံးပြုခဲ့ပြီး ရန်သူ့လက်နက် ကိုယ့်လက်နက်အဖြစ် အသုံးပြုခဲ့သည်။ ထိုနေ့ နေ့လည်ပိုင်းတွင် ဒုတိယအကြိမ် လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်၍ စခန်းအား သိမ်းပိုက်နိုင်ရန် ထပ်မံကြိုးစားခဲ့ကြပြန်သည်။
ထိုအချိန်တွင် တပ်ခွဲမှုူး ဗိုလ်ကြီးသိန်းထွန်းတင်သည် ရန်သူ့လောင်ချာ ၄ လုံး ဆက်တိုက် ၎င်းအနီးကျရောက်ပေါက်ကွဲခဲ့သဖြင့် တပ်ခွဲမှူး၏ ဝဲဘက်မျက်လုံး ထိမှန်ဒဏ်ရာရရှိခဲ့သည်။ သို့ရာတွင် တပ်ခွဲမှူးမှ စစ်သည်များ စိတ်ဓာတ်ကျဆင်းမည်စိုးသဖြင့် သာမန်ဒဏ်ရာကဲ့သို့သာ ဖြစ်သလိုစည်းနှောင်၍ ဆက်လက် တိုက်ပွဲဝင်ခဲ့ပါသည်။ ထိုတိုက်ပွဲသည်လည်း အနီးကပ်တိုက်ပွဲပင် ဖြစ်သောကြောင့် ပြင်းထန်ပြီး မြောက်ဘက်တောင်ကုန်းတွင် ၄ ဦး ကျဆုံးကာ ၃ ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါသည်။ တစ်ဆက်တည်းတွင် တောင်ဘက်စခန်းကိုလည်း ရန်သူမှ အလုံးအရင်းတိုက်ခိုက်လျှက်ရှိနေရာ လေကြောင်းပစ်ကူခေါ်ယူခဲ့ရသည်။ ထို့ကြောင့် ရန်သူတို့မှာ ရှေ့ဆက်မတက်နိုင်ပဲ ပြန်လည်ဆုတ်ခွာသွားခဲ့ကြရသည်။ ခြံစည်းရိုး အစပ်တွင် ရန်သူ့အလောင်း ၇၀ခန့် ကျန်ရစ်ခဲ့သည်။ သို့ရာတွင် တောင်ဘက်စခန်းကုန်းတွင် ထိခိုက်ဒဏ်ရာရသူများပြားလာသဖြင့် စခန်းမှဖောက်ထွက်ကာ တပ်ခွဲရုံးပင်မစခန်းအား ပူးပေါင်းရန်ကြိုးစားရာမှ ရန်သူ့ဖြတ်တောက်ရေးအဖွဲ့နှင့် တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ပြီး တောင်ဘက်စခန်းကုန်း စခန်းမှူးကျဆုံးခဲ့ရသည်။ မြောက်ဘက် စခန်းကုန်းကိုမူ သိမ်းပိုက်နိုင်ခြင်းမရှိပဲ ရန်သူမှ ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။
မတ်လ ၁၃ ရက်နေ့ ၀၆း၀၀ ချိန်တွင် ပွိုင့် ၆၀၄၁ စခန်း ၏ တောင်ဘက်ကုန်းတွင် ဗကပများ တက်ရောက်နေရာယူနေ ကြကြောင်းတွေ့ရှိရသည်။ ထို့ကြောင့် လေကြောင်းပစ်ကူတောင်းခံပြီး တောင်ဘက်စခန်းကုန်းအား ပစ်ခတ်ချေမှုန်းခဲ့ပါသည်။ ထို့နောက် ရန်သူမှ ပင်မစခန်းကုန်းအား သိမ်းပိုက်နိုင်ရေးအတွက် လက်နက်ကြီးပစ်ကူများဖြင့် ထပ်မံတိုက်စစ်ဆင်ခဲ့ရာ တပ်မတော်မှ စနစ်တကျခုခံ နိုင်ခဲ့သဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့ကြရသည်။
ထိုနေ့ ၁၅း၀၀ ချိန်ခန့်တွင် ဗကပ အင်အား ၇၀ ခန့် လွယ်စန့်ကျေးရွာဘက်မှ မိမိပွိုင့် ၆၀၄၁ ဝန်းကျင်သို့ အင်အားဖြည့်တင်းရောက်ရှိလာကြောင်းတွေ့ရသည်။ ထို့နောက် ၁၇း၀၀ ချိန်ခန့်တွင်လည်း ယောင်တိနှင့် ယောင်ကရော့ရွာများဘက်မှ လား ၁၄ ကောင်နှင့်တကွ အင်အား ၃၀၀ ခန့် ထပ်မံဖြည့်တင်းရောက်ရှိလာကြောင်း တွေ့ရှိရသည်။ ထိုအခြေအနေအရ ရန်သူသည် မိမိတို့အား အပြီးတိုင် ချေမှုန်းတော့မည်မှာသေချာလျာက်ရှိကြောင်း သုံးသပ်ရသဖြင့် အထက်ဌာနသို့ နောက်တစ်နေ့ မတ်လ ၁၄ ရက် ၀၆း၀၀ ချိန်တိတိတွင် မိမိတို့ထံမှ အဆက် အသွယ်ရသည်ဖြစ်စေ မရသည်ဖြစ်စေ ပွိုင့် ၆၀၄၁ ပင်မစခန်းကုန်းပေါ်သို့ လေကြောင်းပစ်ကူပေးရန် တင်ပြတောင်းခံခဲ့သည်။ တပ်ခွဲမှူးနှင့် မိမိစစ်သည်များ သုံးသပ်သကဲ့သို့ပင် ဗကပတို့သည် အမှောင်ထုကိုအကာအကွယ်ယူ၍ အနီးကပ်ချဉ်းကပ်တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။ ရန်သူ့ကျင်းတူးသံများကိုပင် အတိုင်းသားကြားနေရသည်။ တစ်ချိန်တည်းတွင် ရန်သူမှ လက်နက်ကြီး စုပြုံပစ်ခတ်တိုက်ခိုက်လာခဲ့သည်။ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆက်သွယ်ရေးစက်မှ ကောင်းကင်ကြိုးများ အပိုင်းပိုင်းပြတ်တောက်သွားပြီး စက်သွယ်ရေးစက်လည်း ပျက်စီးသွားခဲ့သည်။ ထိုအချိန်မှစ၍ ပွိုင့် ၆၀၄၁ တောင်ကုန်းနှင့် အထက်ဌာနအဆင့်ဆင့်တို့ အဆက်အသွယ်ပြတ်တောက် သွားခဲ့ရသည်။ သို့ရာတွင် တပ်မတော်သည် နောက်တွန့်ခြင်း အလျဉ်းမရှိပဲ ရဲရဲဝံ့ဝံ့ ခုခံတိုက်ခိုက်ခဲ့ကြသည်။
ဆက်လက်ဖော်ပြပါမယ်