နိုင်ငံအတွင်းဒေသတွေမှာလည်း မိုးများ ဆက်တိုက်ရွာသွန်းနေလို့ ရေကြီးရေလျှံမှုတွေဖြစ်နေတယ်လို့ ကြားသိရပါတယ်။
ခရမ်းပင်ရဲ့ သူကြိုက်နှစ်သက်တဲ့ ရေမြေရာသီဥတု အနေအထားလေးကို အရင်ပြောပြထားပါရစေခင်ဗျ။
ခရမ်းကြိုက်တဲ့ ရာသီဥတု – ပူနွေး၊ စိုစွတ်သောရာသီဥတု
(solanaceous ဟင်းသီးဟင်းရွက်အားလုံးထဲမှာ ခရမ်းဟာ ဆီးနှင်းဒဏ်၊ အပူချိန် နိမ့်ခြင်း/မိုးအုံ့ချိန် ကြာခြင်းတို့ကို အကြောက်ဆုံးပါ။)
အပူချိန် 25-27°C ရှိသော ပူနွေးသောရာသီမှာ ကြီးထွားမှုအကောင်းဆုံးဖြစ်ပါတယ်။
(နေ့အပူချိန် 35°C အောက်နှင့် ညအပူချိန် 16°C အထက်တွင် အကောင်းဆုံးဖြစ်ပြီး စိုထိုင်းဆ နည်းခြင်းနှင့် အပူချိန်မြင့်မားခြင်းသည် ပန်းပွင့်များ သန္ဓေပျက်ခြင်းနှင့် အသီးအနှံများ ညံ့ဖျင်းခြင်းတို့ကို ဖြစ်စေနိုင်သည်။)
မိုးရေချိန် 600-1000 မီလီမီတာ ( 25-40 လက္မ) ရှိသော ဒေသများတွင် ကောင်းစွာဖြစ်ထွန်းသည်။ (25mm = 1 inch)
(အထူးသဖြင့် ပန်းပွင့်ချိန်နှင့် အသီးကင်းဝင်ချိန်အတွင်း မိုးအလွန်အကျွံရွာသွန်းမှုကို မခံနိုင်ပါ။
မိုးအလွန်အကျွံ ရွာသွန်းခြင်းသည် အပွင့်များ၊ အသီးများပုပ်ခြင်းကို ဖြစ်စေပါသည်)
Ref; www.ikisan.com/tn-brinjal-soils-and-climate.
#ခရမ်းသီးကင်းနဲ့ အပွင့်တွေ ဘာကြောင့်ပုပ်ရတာလဲ?
ခရမ်းသီးမှမဟုတ်ပါဘူး၊ အပွင့်အသီးဝင်ချိန် မိုးများရင် ရုံးပတီ၊ ငရုတ်၊ ခရမ်းချဥ်၊ ဘူး၊ ဖရုံ၊ သခွား အားလုံး အပွင့်အသီးလေးတွေ ပုပ်တတ်ပါတယ်။
စုပ်စားပိုး၊ ကိုက်စားပိုး ဒဏ်ရာမှတဆင့် ဖြစ်စေ..
မှိုရောဂါတမျိုးမျိုးကျရောက်နေရင်ဖြစ်စေ..
ပိုးသတ်ဆေး၊ မှိုသတ်ဆေးပြင်းပြင်းဖျန်းထားလို့ဖြစ်စေ.. ယူရီးယား၊ အပင်ဟော်မုန်း ဖျန်းထားလို့ စတို မာအပေါက်များ ကျယ်ပြန့်နေရင်ဖြစ်စေ..
ဒဏ်ရာ၊ စတိုမာများမှတဆင့် မိုးရေဝင်ရောက်ပြီး အပွင့် အသီးပုပ်စေပါတယ်။
#ဘယ်လိုကြိုတင်ကာကွယ်သင့်ပါသလဲ?
- မိုးလေဝသကြိုတင်ခန့်မှန်းချက်တွေအရဆိုရင် ရှမ်း၊ ကယား၊ မွန်၊ ကရင်၊ ရန်ကုန်၊ ပဲခူး စသဖြင့် နေရာအများစုမှာ မိုးဆက်လက် ရွာနိုင်ပါသေးတယ်။
- ဒါကြောင့် ခရမ်းခင်းပိုင်ရှင်များနဲ့ ဟင်းသီး/ရွက်ခြံသမားများအတွက် ကြိုတင်လုပ်ဆောင်သင့်တဲ့ အချက်များကို အကြံပြုတင်ပြလိုက်ပါတယ်။
- မိုးရာသီမှာ ခရမ်းခင်းဘောင်ပေါ်မှာ မြက်ခြောက်၊ကောက်ရိုးခြောက်ဖုံးထားပါ။
- အမြစ်ဇုန် ရေဝပ်သက်သာစေရန်၊ ရေထုတ်မြောင်းများ လုပ်သင့်ပါတယ်။
- ပန်းပွင့်ချိန်၊ သီးကင်းဝင်ချိန်မှာ မိုးအုံ့ခြင်း၊ မိုးဆက်တိုက်ရွာခြင်းများရှိနေပါက မိုးပြတ်သည်နှင့် ကော့ပါး အောက်ဆီကလိုရိုဒ်၊ ကော့ပါးဟိုက်ဒြောက်ဆိုဒ် တမျိုးမျိုးကို wetting agent ရေစိုခံဆေး တမျိုးမျိုးထည့်ဖျန်းထားပါ။
- ပိုး၊ ရောဂါ ကျရောက်တဲ့ ခရမ်းပင်က ပိုပြီး ပုပ်လွယ်တတ်လို့ ပိုး/ရောဂါ မကျရောက်အောင် ကြိုတင် ကာကွယ်ထားပါ။
- အကယ်၍ အပွင့်၊ အသီးကင်းများ ပုပ်နေပါက ချက်ချင်း ခူးဆွတ်သန့်ရှင်းပြီး ကော့ပါး၊ မန်ကိုဇက် ဖျန်းပေးပါ။
- မိုးစက်မိုးပေါက်များမှတဆင့် မှိုရောဂါပါလာတတ်လို့ အပင်ခြေ မြေကြီးပေါ်ကို၊ ပြာဖြူးခြင်း/ ဂျစ်ဆန် မှုန့်ဖြူးခြင်းများ ပြုလုပ်ပါ။
- ခရမ်းခင်း၊ ငရုတ်ခင်း၊ စပါးခင်းများ ရေနစ်မြုပ်သီးနှံများ ပြန်လည်ကုစားရန်အတွက် ကယ်လ်စီယံပါအောက်ဆိုက်(CaO2)ကို မြေပြင်ဖျန်းခြင်း၊ အပင်ဖျန်းခြင်း ပြုလုပ်ပေးနိုင်ပါတယ်။ (Calcium ပါသော ရွက်ဖျန်းဆေးများ အသုံးပြုခြင်း၊ ကယ်လစီယံ ဆာလဖိတ်/ကျောက်မှုန့်မြေသြဇာကို အပင်ခြေဖျန်းခြင်းများ ပြုလုပ်ပေးပါ)
- ယူရီးယားကျွေးခြင်း၊ နိုက်ထြိုဖိနောဖျန်းခြင်း မပြုလုပ်ပါနှင့်။
“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်”