ရုရှားလေကြောင်းတပ်ဖွဲ့က ယူကရိန်းတပ်များကို တိုက်ခိုက်မှု ၈ ကြိမ် ပြုလုပ်ခဲ့ဟုဆို

ရုရှားလေကြောင်းတပ်ဖွဲ့သည် ကွတ်ပ်ရန်လမ်းကြောင်းတွင် ယူကရိန်း တပ်များကို ဒုံးကျည် ၈ စင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Ka-52 နှင့် Mi-28 တိုက်ခိုက်ရေးရဟတ်ယာဉ်များနှင့် Su-25 တိုက်ခိုက်ရေး လေယာဉ်များမှ တပ်ဖွဲ့ဝင်များသည် ယူကရိန်းတပ်မဟာ(၁၄)၏ သီးခြားယန္တရား တပ်မဟာ(၁၄) နှင့် အမှတ်(၁၀၃) နယ်မြေကာကွယ်ရေးတပ်မဟာ၏ တပ်ဖွဲ့များ၊ လက်နက်၊ စစ်ဘက်နှင့် ပစ္စည်းကိရိယာများရှိရာနေရာတို့တွင် ဒုံးကျည် ၈ စင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါသည်။

ထို့အပြင် ကွပ်ပ်ရန်လမ်းကြောင်းတွင် ပစ်ခတ်တိုက်ခိုက်မှုများအတွင်း ရုရှား တပ်ဖွဲ့ဝင်များသည် ယူကရိန်း၏ အမှတ်(၁၄)သီးခြားယန္တရားတပ်မဟာ၏ လူ၊ လက်နက်များ၊ စစ်ဘက်နှင့် အထူးကိရိယာများ အဓိကထားသည့်နေရာသို့ Tornado-S အတွဲလိုက်ဒုံးပစ်စနစ်အား အသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း၊ ရုရှား တပ်ဖွဲ့များသည် ယူကရိန်းအဖျက်အမှောက်နှင့် ကင်းထောက်အဖွဲ့တစ်ဖွဲ့ကို ဖျက်ဆီးကာ ယူကရိန်းတပ်ဖွဲ့ဝင်များ၏ ၃ ကြိမ်တိုင်တိုင် အလှည့်ကျတိုက်ခိုက်ရန် အစီအစဉ်များ ပျက်ပြားစေခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့ပါသည်။

ဒိုးနက်စ်နှင့် လူးခန့်စ်ပြည်သူများက ယူကရိန်း၏ ရန်စမှုများကို ခုခံကာကွယ်ရန် အကူအညီတောင်းခံပြီးနောက် ရုရှားသည် ယူကရိန်းတွင် ၎င်း၏ အထူးစစ်ဆင်ရေးကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်တွင် စတင်ခဲ့ကြောင်း၊ ရုရှား၏ စစ်ဆင်ရေးကို တုံ့ပြန်သည့်အနေဖြင့် အနောက်နိုင်ငံများက ရုရှားအပေါ် ကျယ်ပြန့်သည့် အရေးယူပိတ်ဆို့မှုများ ချမှတ်ပြီး ယူကရိန်းကို လက်နက်များ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရပါသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် ဒိုးနက်စ်နှင့် လူးခန့်စ်ပြည်သူ့သမ္မတနိုင်ငံ အကြီးအကဲများအပြင် ခါဆန်နှင့် ဇာပိုရိုဇီ ဒေသများသည် အဆိုပါနယ်မြေများကို ရုရှားနိုင်ငံသို့ ပြန်လည်သွတ်သွင်းရေး ဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ ယင်းနောက် ပြုလုပ်သည့် လူထုဆန္ဒခံယူပွဲက ဒေသခံလူထုအနေဖြင့် ရုရှား၏အစိတ်အပိုင်းဖြစ်မှုအား ထောက်ခံမှုကို ပြသလျက်ရှိကြောင်း သိရှိရပါသည်။