မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ မေလ ၁၅ ရက် နံနက် ၅ နာရီခွဲ တိုင်းထွာချက်များအရ ချင်းပြည်နယ်၊ မတူပီမြို့အနီးမှ ကုန်းတွင်းသို့ ရွေ့လျားဝင်ရောက်ခဲ့သော အား ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဆိုင်ကလုန်း မုန်တိုင်း “မိုခါ” အဖြစ်သို့ အားလျော့သွားခဲ့ ကာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကသာမြို့အနီးမှ မြောက်-အရှေ့ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းသည် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကသာမြို့အနီး ရောက်ရှိ နေပြီး၊ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိပါသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့ကို အညိုရောင်အဆင့်ဟု သတ်မှတ်ပြီး ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သည် မုန်တိုင်းဖြတ်ကျော်ပြီး ဖြစ်သည့်အတွက် အစိမ်းရောင် အဆင့်ဟု မိုးဇလမှ သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် နောက် ၆ နာရီအတွင်း ကုန်းတွင်း မုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်ပြီး၊ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး(မြောက်ပိုင်း)၊ ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့သို့ ရောက်ရှိနိုင်ပါသည်။ ထို့နောက် ကချင်ပြည်နယ်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် တဖြည်းဖြည်း အားလျော့သွား နိုင်သည်ဟု မိုးဇလမှ ခန့်မှန်းထားသည်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ၏အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၂၄) နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ဒေသအလိုက် နှင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။