" ဗိုလ်ကြီး"
ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ တပ်ရင်းအရာခံဗိုလ် အရာခံ ဗိုလ်ကျော့ရှင်းကို တွေ့ရသည်။ ဆရာကြီးကျော့ရှင်းမှာ နာမည်နှင့်လိုက် အောင် ပိန်ပိန်ပါးပါး သေးသွယ်ကျော့ရှင်းနေသူ ဖြစ်ပြီး ရွှေသွားများလည်း စိုက်ထားသည်။ အသက်၆၀ ပြည့်တော့မှာဖြစ်ပြီး သက်ပြည့်ပင်စင်စား တော့မည်။
" ပြောပါဆရာကြီး"
" တိုင်းကိုပို့မယ့် လက်ဝှေ့အိတ်နှစ်စုံ ကျွန်တော့်ကို တပ်ရင်းမှူးက ယူ ခိုင်းလို့ပါ"
မပခ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲအတွက် တပ်ရင်းမှ လက်ဝှေ့အိတ် နှစ်စုံ ပို့ဖို့ရှိ၏။ ထိုလက်ဝှေ့အိတ်များကို ဆရာ့ထံ ပြသပြီးဖြစ်သည်။ ဘာလုပ် ဖို့ပါလိမ့်။ လက်ဝှေ့အိတ် နှစ်စုံကို ဆရာကြီးအား ပေးပြီးနောက်...
" ဗိုလ်ကြီးပါ လိုက်ခဲ့ပါတဲ့"
သိချင်နေတာနှင့် အတော်ဖြစ်သွားသည်။ ကျွန်တော်နှင့် အရာခံဗိုလ် ကြီးတို့ ဆရာ့ဆီ လာခဲ့ကြသည်။ ဆရာက အိမ်ရှေ့ကွက်လပ်တွင် ဆင်း စောင့်နေသည်။ သုံးညအိပ် ခရီးတစ်ခုက ပြန်ရောက်လာတာ မကြာသေး။ ရောက်သည်နှင့်...
" လူလေး တပ်ထောက်ဗိုလ်ကြီး...လက်ဝှေ့အိတ်တစ်စုံ ကျုပ်လက်မှာ စွတ်ပေးပါ၊ ကျန်တဲ့တစ်စုံကို အရာခံဗိုလ်ကြီးလက်မှာ စွတ်ထားပါ"
လက်ဝှေ့အိတ်များ စွတ်ပြီးချိန်မှာတော့ တပ်ရင်းမှူးရော အရာခံဗိုလ် ကြီးပါ လက်ဝှေ့အိတ် ကိုယ်စီနှင့် ပွဲစဥ်တစ်ခုကို ထိုးသတ်ကြတော့မည့် အ နေအထားကို ရောက်နေပြီ။
" လူလေးက ဒိုင်လုပ်ပေးပါ... ဆရာကြီးနဲ့ကျုပ် လက်ရည်စမ်းမယ်"
အရာခံဗိုလ်ကြီး မျက်လုံး အပေါ်တက်ကပ်သွားသည်။ တကယ်လုပ် မည့်ပုံ။
" ဝိတ်တန်းမမျှပါဘူးခင်ဗျာ..တပ်ရင်းမှူးက အကြီးကြီး ကျွန်တော်က သေးသေးလေးရယ်"
" မရဘူး..အလွတ်တန်းထိုးမှာ.. ကျုပ် ခရီးမသွားခင်တုန်းက ခင်ဗျားကို ဘာမှာခဲ့သလဲ"
အဲ့ဒီတော့မှ အရာခံဗိုလ်ကြီး သတိရသွားတော့၏။ တပ်ရင်းရုံးနှင့် တပ်ထောက်စတိုးကြားရှိ ချုံများကို ဆရာခရီးမသွားခင် ရှင်းခိုင်းထားခဲ့၏။ ဒါကို အရာခံဗိုလ်ကြီးက မေ့နေသည်။ မရှင်းခိုင်းရသေး။
" တပ်ထောက်စတိုးဘေးက ချုံတွေ ရှင်းခိုင်းခဲ့တာပါ"
" လုပ်ပြီးသွားပြီလား"
" မလုပ်ရသေးပါဘူး"
" ဘာလို့မလုပ်တာလဲ"
" မေ့သွားလို့ပါခင်ဗျ"
ဆရာက သွေးပူ တစ်ချက်နှစ်ချက် လုပ်လိုက်ပြီး လက်ဝှေ့ရေး ပြနေ သည်။
" မေ့တတ်တဲ့ ဆရာကြီးကို မမေ့အောင် လုပ်ပေးရတော့မှာပေါ့..ကဲ.. ဒိုင်လူကြီး စတော့"
ကျွန်တော်လည်း ဝင်ပြောလို့ မရမှန်းသိလို့ ပြိုင်ပွဲကို စတင်စေလိုက် သည်။
" Clear the ring first round"
ဆရာက လက်ဝှေ့အိတ်နှင့် နောက်ကလိုက်ထိုး အရာခံဗိုလ်ကြီးက ရှေ့ကပြေးနှင့် အိမ်ရှေ့ကွက်လပ်တွင် ရုန်းရင်းဆန်ခတ် ဖြစ်လို့နေသည်။
ဘေးကနေကြည့်လျင် တပ်ရင်းမှာ အသက်အကြီးဆုံးနှင့် ဝါအကြီးဆုံး ပုဂ္ဂိုလ်နှစ်ယောက် ဆော့ကစား နေသည်ဟုပင် ထင်ကြမည်။
" နောက်ကို မမေ့တော့ပါဘူးဗျ..ခုပဲ သွားခိုင်းလိုက်ပါတော့မယ်ခင်ဗျ"
အသက်ကြီးမှ ရွှေသွားတော့ အကျွတ်မခံနိုင်။ အော်ရင်းနှင့် တပ်ရင်း မှူးအိမ်က ပြေးထွက်သွားသော အရာခံဗိုလ်ကြီး၏ အပြေးနှုန်းသည်လည်း ဂင်းနစ်စံချိန် ဝင်လောက်သည် အထိပင်။