လရောင်ဆမ်းမှ ကျန်းမာရ

ဆရာခွန်သက်တင်ဆန်း

   လက်ဖြောင့်တပ်စိတ်တွင် တပ်သားမိုးဝင်းက အငယ်ဆုံး။ ငှက်ဖျား ဒဏ်မိပြီး ကျန်းမာရေးက တရှောင်ရှောင်။ မိုးဝင်းကို ဆရာသတိထားမိနေ သည်။ လက်ဖြောင့်တပ်ကြပ်ကြီးကို ခေါ်ပြီး 

   " လူလေးတို့ ငှက်ဖျားကာကွယ်ဆေး မသောက်ကြဘူးလား"

   " သောက်ပါတယ်"

   " ဘာဖြစ်လို့ မိုးဝင်းက ဖျားနေရတာလဲ"

   " ဆေးအမ်အေကြီးကတော့ အားနည်းရာကနေ ငှက်ဖျားပြန်ပြန်ထ နေတာတဲ့"

   တပ်ရင်းမှူး ခေါ်မေးတာပဲ ကြားသွားလို့လား အားပဲပြည့်လာလို့လား မသိ။ မိုးဝင်းတစ်ယောက် ထူထူထောင်ထောင် ဖြစ်လာပြန်သည်။

   လပြည့်ည။

   လမင်းကြီးက ထိန်ထိန်သာနေပြီး နေ့ဖက်အလား လင်းထိန်နေသည်။ ရာသီဥတုကလည်း အေးစိမ့်စိမ့်။

   " မိုးဝင်းကို ကျုပ်ဆီလွှတ်ပေးစမ်း"

   တပ်ရင်းမှူး ခေါ်သည်ဆိုတော့ ကုတ်ချောင်းချောင်းနှင့် မိုးဝင်းရောက် လာသည်။ သူ့ဘေးမှာက လက်ဖြောင့်တပ်ကြပ်ကြီး။

   " လသာနေတာ တွေ့ကြလားကွဲ့"

   " တွေ့ပါတယ်"

   " အေး...လရဲ့အရောင်မှာ စွမ်းအားတွေရှိတယ် ကုမုဒြာလို ကြာတွေ တောင် ပွင့်နိုင်တယ်၊ လရဲ့စွမ်းအား အာနိသင်ပေါ့"

   " ဟုတ်"

   ဘာတွေပြောနေမှန်း နားမလည်သော်လည်း မိုးဝင်းတို့ ဆရာတပည့် ဟုတ်ကဲ့လိုက်နေကြသည်။

   " ကျုပ် အတွေးတစ်ခု သွားရတယ်၊ ဖြစ်နိုင်ချေလည်းရှိတယ်၊ စမ်းသပ် ကြည့်ချင်လွန်းလို့ လပြည့်ညကို စောင့်နေခဲ့တာ။ ကျုပ်ရဲ့စမ်းသတ်မှုကို နာမည်ပေးထားတယ်..လရောင်ဆမ်းမှ ကျန်းမာရတဲ့..ပြောကြည့် ကြစမ်း"

   " လရောင်ဆမ်းမှ ကျန်းမာရပါ"

   " ကဲ..အချိန်ရှိတုန်း စမ်းသတ်မှု စကြစို့..မိုးဝင်း အင်္ကျီတွေ ပုဆိုးတွေ ချွတ်လိုက်ပါ"

   မိုးဝင်းမှာ အောက်ပိုင်းက စစ်အတွင်းခံဘောင်းဘီ၊ အပေါ်ပိုင်းက ကိုယ်လုံးတီးဖြစ်သွားသည်။

   " လရောင်အောက်ကိုလာမယ်..လက်တွေကို ဆန့်တန်းထားမယ်.. လက်ဖြောင့်ဆရာကြီးက မိုးဝင်း ခြင်မကိုက်ရအောင် ရပီတိုနဲ့ တစ်ကိုယ်လုံး လိမ်းပေးထား"

   ဆရာ့အိမ်ရှေ့ ကွက်လပ်မှာ ရှောင်လင် ကွန်ဖူးသမား အတွင်းအားကျင့် နေသည့် ပုံစံနှင့် မိုးဝင်းရှိနေသည်။ တစ်ကိုယ်လုံး ခြင်ဆေးတွေလည်း လူး ထားသည်။ ရာသီဥတုကလည်း အတော်အေးလာသည်။ လေနုအေးတွေက မိုးဝင်းကို ကြက်သီးဖြန်းစေသည်။

   နာရီဝက်လောက်ကြာတော့ မိုးဝင်း တဆတ်ဆတ် တုန်လာပါပြီ။

   " ဟုတ်ပြီ..ဓာတ်သဘောတွေ ပြနေပြီ။ လူလေး မိုးဝင်း..နောက်ဆို ငှက်ဖျားဖြစ်ချင်လို့ ဖြစ်တော့မှာ မဟုတ်ဘူးဟေ့"

   ပြောနေလို့မှ မဆုံးသေး။ မိုးဝင်း ဒူးညွှတ်ကျသွားပြီး မြေကြီးပေါ် ပစ် လဲသွားပါတော့သည်။

   လရောင်ဆမ်းမှ ကျန်းမာရ စမ်းသတ်မှုကြီးကြောင့် မိုးဝင်းကို ဆေး ခန်းတင်လိုက် ရပါတော့သည်။

   လရောင်ကြောင့်ပဲလား ထပ်ပြီးတော့ အစမ်းသပ်ခံရမှာ ကြောက်လို့ လားတော့မသိ။ ဆေးခန်းက ပြန်လာပြီးနောက်ပိုင်း မိုးဝင်းငှက်ဖျားတက် တာ မတွေ့ရတော့ပါ။