(၁)
ပေါင်းလောင်းတောင်တန်းကြီးကို အဝေးက လှမ်းကြည့်တော့ စိမ်းဖန့်ဖန့်နှင့် မှိုင်းညိုနေ သည်။ ထိုတောင်တန်း၏ တစ်နေရာ ပင်လယ်ရေမျက်နှာပြင်အထက် ၃၆၁၅ပေအမြင့်တွင် ကျိုက်ထီးရိုးစေတီတော်ကြီး သပ္ပယ်စွာ ကိန်းဝပ်နေတော်မူသည်။ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီးကို စိတ်မှရည်မှန်းကာ လက်အုပ်ချီ ဦးချကန်တော့ နေမိသည်။
ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းသို့ မရောက်မီ ကားလမ်းဘေး၌ တည်ရှိနေသော ခြေမြန်တပ်ရင်းတစ်ရင်း။ အမှတ်(၂)ခြေမြန်တပ်ရင်းဟု အမည်ရပါ၏။
သီဟိုပင်ကြီးများ ခပ်စိပ်စိပ် ပေါက်ရောက်နေသော တပ်ရင်းဧရိယာမှာ အရိပ်အာဝါသ ကောင်းလှ၏။ ဘုရားဖူး ယာဥ်ကြီး ယာဥ်ငယ်များကလည်း နေ့ည တပ်ဘေးက မောင်းနှင်နေကြသည်။ ဘုရားအရိပ်နှင့် အေးချမ်းခဲ့ သည်ကတော့ အမှန်ပင်ဖြစ်သည်။
ထိုတပ်ရင်းသည် အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ တပ်ရင်း၁၀ရင်းတွင် ပါဝင်လေသည်။ တိုက်ရည်ခိုက်ရည် ပြည့်ဝသော စွမ်းရည်ဘွဲ့များစွာရရှိထားသည့် စစ်သားများ ပါဝင်ဖွဲ့စည်းကာ ရန်သူ၏ စခန်းသိမ်း တိုက်ပွဲပေါင်းများစွာ ပါဝင်ဆင်နွှဲခဲ့ကြသော သမိုင်းပြရုပ် တွေက လည်း ထိုတပ်တွင် ရှိနေခဲ့ပြန်သည်။
စစ်သွေးတွေကြွနေသော ထိုတပ်ကို ယာယီတပ်ခွဲမှူး(ဗိုလ်မှူး) ရာထူး အဆင့်ဖြင့် ဗိုလ်မှူးနေဝင်း ပြောင်းရွှေ့ရောက်ရှိလာရသည်။ ယာယီ တပ်ခွဲမှူး(ဗိုလ်မှူး)ကာလအတွင်း စစ်ဆင်ရေးများတွင် တောက်လျောက်ပါဝင် ဆင်နွှဲခဲ့စဥ်က ပျော်စရာကောင်းသလောက် ရင်ခုန်လှုပ်ရှားစရာများလည်း ရှိခဲ့လေသည်။ စစ်မြေပြင်ပျော် စစ်တိုက်တော်သော စစ်သားအချင်းချင်း တွဲလက်ညီခဲ့ပုံများ ပြောစမှတ်ပင် ဖြစ်ကျန်ခဲ့သည်။
ဗိုလ်မှူးအဆင့် တိုးမြှင့်ခံရပြီး နောက်ပိုင်းမှာတော့ ဌာနချုပ်တပ်ခွဲမှူးဆိုသော တာဝန်ကို တပ်ရင်းမှူး၏ တာဝန်ပေးချက်အရ ထမ်းဆောင်ရပြန် သည်။ ရှင်းရှင်းပြောရလျင် နောက်တန်းမှာ မနေချင်။ စစ်ပွဲများတွင် မပါဝင် ရတော့မည်ကိုပင် လိပ်ပြာမလုံသလို ခံစားနေမိသည်။ တိုက်ဖော်တိုက်ဖက် စစ်သည်တွေနှင့် လုံးထွေးကာ ရှေ့တန်းမှာပျော်ခဲ့ရသည်များက အသွေးထဲ အသားထဲမှာ ရှိနေပြီးအတွေးထဲလည်း ခဏ ခဏဝင်လာသည်။
သို့သော် ကျရာတာဝန် ဆိုပြန်တော့ ငြင်းမရ။ နောက်တန်းအလုပ်က သူ့အတွက် ပိုပင်ပန်း နေသည်ဟု ထင်မိသည်။ ရှေ့တန်းထွက်သွားသော တပ်ရင်းအတွက် လိုအပ်သည့် အုပ်ချုပ်မှု ဆိုင်ရာ ကိစ္စရပ်များ ဟာကွက်မရှိ ဖြည့်ဆည်း ပံ့ပိုးပေးနိုင်အောင် စီမံပေးနိုင်တာကိုပဲ လုပ်ဖော် ကိုင်ဖက်တွေ အတွက် တာဝန်ကျေသည်ဟု တွေးထင်နေမိသည်။
(၂)
၁၉၉၅ခုနှစ် ကာလအတွင်း။
ကေအင်ယူ သောင်းကျန်းသူများ၏ ဝမ်ခသစ်စခန်းအား တိုက်ခိုက်နေချိန်။
တပ်ရင်းဌာနချုပ်အတွင်း တိတ်ဆိတ်နေသည်။ အိမ်ထောင်သည် လိုင်းခန်းများအတွင်း ပုံမှန်ပြေးလွှား ဆော့ကစားနေကြသော ကလေးများ၏ အသံပင်မကြားရ။ ဒီလိုအဖြစ်မျိုးကို ကြုံတွေ့ဖူးကြပေမဲ့ မဖြစ်ပါစေနဲ့ဟု အမြဲဆုတောင်းနေကြ။ သေမင်းခံတွင်းဝကို ရင်ဆိုင်တိုးနေကြ သူများအဖို့ အမြဲတမ်းတော့ အသာစီး မရနိုင်ဆိုတာ သိသိကြီးနှင့်။ လိုင်းခန်းများဆီမှ တသိမ့် သိမ့် ရှိုက်ငင်ငိုကြွေးနေသည့် အသံများက လေသင့်ချိန် ပျံ့လွင့်လာ ခဲ့ကြသည်။
ရှေ့တန်းမှ ရောက်ရှိလာသည့် ကြေးနန်းသတင်းက အမင်္ဂလာသတင်းဆိုး။ မကြားချင်ကြသော မဖြစ်စေချင်ကြသော သတင်းများ။
ဝမ်ခသစ်စခန်းကို မသိမ်းပိုက်နိုင်သေးချိန် ကျဆုံး ဒဏ်ရာရများ ရှိနေသည်။ ဒီတစ်ခါ ပေးဆပ်လိုက်ရမှုက တန်ဖိုးကြီးသည်။ ဆို့နင့်နေသည့်ကြားက ပေးဆပ်ရမှု မတန်မှန်းလည်း သိနေသည်။
ဌာနချုပ်တပ်ခွဲမှူးများကိုယ်တိုင် ဖားအံသို့ လိုက်သွားရန် တပ်မက ညွှန်ကြားသဖြင့် ဖားအံစစ်ဆေးရုံကို ဗိုလ်မှူးနေဝင်း ရောက်ခဲ့သည်။ ဗိုလ်ကြီးမျိုးညွန့် အပါအဝင် အရာရှိ၁ယောက်အခြား အဆင့်၁၆ယောက် ကျဆုံးပြီး ၆၂ယောက်ဒဏ်ရာရသော တိုက်ပွဲရလာဒ် အဖြေက ရင်နင့်စရာ။
ဒါတောင် ရှပ်မှန်ပြီး မစိုးရိမ်ရသည့် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးဝင်းစိုးက ရှေ့တန်းမှာ တိုက်ပွဲကို ဆက်လက်ကွပ်ကဲနေသေးလို့။ အားကိုးစရာ ဒုတပ်ရင်းမှူး ဗိုလ်မှူးညီညီ ရှိနေသေးသည်ကလည်း စစ်သည်များအတွက် အားတက်စရာ။ ဒဏ်ရာရ လူနာများတွင် ဆေးလက်ထောက်အရာခံဗိုလ် ထွန်းသန်းမောင်ပင် ပါနေမှတော့ စစ်ကြောင်းကွပ်ကဲမှု ဌာနချုပ်များပါ တိုက်ပွဲရှေ့ ရောက်နေရသည့် သဘောတွေ့ရသည်။
ကျဆုံး ဒဏ်ရာရ စစ်သည်များ၏ ဒဏ်ရာရရှိမှု အခြေအနေ ကိုယ်ပိုင်အမှတ်၊ အဆင့်၊ အ မည်၊ ဒဏ်ရာရသည့်နေရာ အသေးစိတ် အချက်အလက်များ ရေးမှတ်ခြင်း၊ မြှုပ်နှံခဲ့သည့် မြေပုံ ညွှန်းများယူခြင်း၊ ဆေးရုံတက် လူနာများကို ထောက်ပံ့ခြင်း၊ စိုးရိမ်ရသူများအတွက် လူနာစောင့် များ စီစဥ်ပေးခြင်းများ ပြုလုပ်ပေးပြီး စိတ်မောလူမောဖြင့် ကျိုက်ထို ကို ပြန်ခဲ့ရသည်။ ကိုယ်တိုင်သာ ဝင်ပြီးတိုက်လိုက်ချင်နေမိသည့် စိတ်အဟုန် က ထိန်းမရ။
×××××
(၃)
ကျဆုံးစစ်သည် ၁၇ဦးတွင် အိမ်ထောင်သည်၈ဦးနှင့် လူပျို၉ဦးပါသည်။ အမွေခံလိပ်စာများ အတိုင်း အကြောင်းကြားလိုက်လို့ ၃ရက်အတွင်းမှာ ကျဆုံးစစ်သည် မိသားစုများ တပ်ရင်းဌာန ချုပ်ကို ရောက်လာကြသည်။
ဗိုလ်ကြီးမျိုးညွန့်ဇနီး မစန်းစန်းမော်မှာ ကိုယ်ဝန် နေ့စေ့လစေ့ကြီးနှင့်ဖြစ်ပြီး ဗိုလ်ကြီးမျိုးညွန့်၏ အစ်မအရင်းနှင့် ယောက်ဖဖြစ်သူ မင်္ဂလာဒုံ စစ်ဆေးရုံကြီးမှ ဆေးလက်ထောက် အရာခံဗိုလ်လည်း ရောက်နေကြသည်။
ငိုသံတွေက နေရာအနှံ့။
သူတို့ကို ဘယ်လိုနှစ်သိမ့်ပြီး ဘာလုပ်ပေးရမလဲ ဆိုတာပဲ စဥ်းစားနေမိ သည်။ တပ်ရင်းမှူး ဇနီးလည်း အပူရုပ်ကို မပေါ်လွင်ရအောင် ဟန်ဆောင် ထိန်းနေရရှာသည်။ ခင်ပွန်းဖြစ်သူ တပ်ရင်းမှူးလည်း ဒဏ်ရာရ၊ တပ်ရင်းမှူး ၏ အကူရဲဘော်ပင် တိုက်ပွဲကျဆုံးသွားတော့လည်း ဝမ်းနည်းပူဆွေး နေမည် မှာ မဆန်းပေ။ တပ်၏ဦးဆောင်ဦးရွက် အကြီးအကဲ တစ်ယောက်ကစပြီး အပူရုပ်ကို လူရှေ့ထုတ်ပြ နေလို့က မဖြစ်နိုင်မှန်း သိပြီး ကျဆုံးစစ်သည် မိသားစုများရှေ့တွင် အစွမ်းကုန် ကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိနေသည်။
" ဗိုလ်မှူး... ကျိုက်ပေါလော မှဲ့ရှင်တော်ဘုရားက ညောင်ပင်ကြီးမှာ သေဆုံးသူတွေရဲ့ ဝိညာဥ်တွေကို ခေါ်လို့ရတယ်တဲ့.. သေဆုံးသူတွေနဲ့ သူတို့ အမျိုးတွေ လိုအပ်တာ ဖြည့်ဆည်းပေး လို့ရအာင် ကျွန်မတို့ သွားကြမယ်"
ကြားနေကြ စကားမျိုး မဟုတ်တော့ ယုံရမလို မယုံရမလို။ ဒါမျိုးက ကြုံလည်း မကြုံ ဖူးဘူးလေ။ တပ်ရင်းမှူးဇနီးမှာ ဘီးလင်း တောင်စွန်းဇာတိ ဖြစ်ပြီး ဦးလေးနှင့် အဒေါ်များက ကျိုက်ထိုတွင် နေထိုင်ကြသည်ဖြစ်လို့ ကျိုက်ထိုနယ် ဓလေ့စရိုက် အခြေအနေများကို သိနေသူ ဖြစ်သည်။ အငိုတိတ်စေလိုပေမဲ့ ပိုပြီး ငိုသံတွေ မကျယ်လာအောင်လည်း ဆုတောင်းနေရသေးသည်။
" ဟုတ်ကဲ့... ကျွန်တော်ဘာပြင်ဆင်လာရမလဲ အစ်မ"
" သူ့အစီအစဥ်အတိုင်း ကျွန်မလုပ်သွားမယ်..ဗိုလ်မှူးကတော့ ယူနီဖောင်း ဝတ်လာခဲ့ပါ"
ညနေ၄နာရီလောက် သွားကြမည်ဖြစ်ကြောင်း ပြောသဖြင့် နီဆန်း37 နှစ်စီး စီစဥ်ကာ လိုက်ပါမည့်သူများ အကြောင်းကြား လိုအပ်သည်များ ပြင်ဆင်ရသည်။
အချိန်နည်းနည်းရလို့ တပ်၏တောင်ဘက်တွင်ရှိသော မရမ်းတောင်ကျောင်းကို ရောက်သွားသည်။ ဆရာတော်ကို ဖူးမျှော်ပြီး အခြေအနေကို ပြောပြလိုက်သည်။
" ဒကာကြီး.. ကျိုက်ပေါလောသာသွားလိုက်.. ဖြစ်ရပ်အမှန်တွေ ပေါ်လာလိမ့်မယ်...ရဲဘော်တွေဆိုတော့ တိုက်ပွဲကျ အစိမ်းသေ သေတာပေါ့ဗျာ.. နည်းနည်းတော့ ထိန်းရမယ်နော်"
ဆရာတော် ပြောလိုက်မှ ပိုပြီး စိတ်ပူသွားမိသည်။ ဒီလိုအတွေ့အကြုံ ဆိုတာကလည်း တစ် ခါမှ မကြုံဖူးတော့ အသစ်အဆန်းဆို စူးစမ်းချင်သည့် သဘာဝက လှုံ့ဆော်နေပြန်ပါပြီ။
×××××
(၄)
နီဆန်းစစ်ယာဥ်ကြီး နှစ်စီး ကျိုက်ပေါလော မှဲ့ရှင်တော်ဘုရား ပရိဝုဏ် အတွင်းသို့ ညနေ ၄နာရီ ကျော်ကျော်မှာ ရောက်ရှိလာကြသည်။ တပ်ရင်းမှူးဇနီး ဦးဆောင်ပြီးကျဆုံးစစ်သည်များ ၏ မိသားစုများ ငြိုးနွမ်းသောမျက်နှာ ငိုထားကြ၍ အစ်တစ်တစ် ဖြစ်နေသော မျက်လုံးများဖြင့် ဖြစ်နိုင် မဖြစ်နိုင် မဝေခွဲအားဘဲ ဘုရားစောင်းတန်းမှတဆင့် မှဲ့ရှင်တော် ဘုရားရှိရာသို့ ဝင်လာကြသည်။
ဥာဏ်တော် ၃ပေ၆လက်မရှိပြီး ပလ္လင်ပေါ်တွင် စျာနမုဒြာဟန် ဖူးမျှော် သူများကို တရား ဟောပြမည့်ပုံသွင်ဖြင့် ကြည်ညိုဖွယ် အဆင်းရှိနေသော သက်တော်ထင်ရှား ဘုရားရှင်ကို စိတ် အေးချမ်းစွာ ရှိခိုးဦးခိုက်ကြသည်။
ဆက်ရန်...