နံနက်ခင်း နိုးနိုးချင်း ရေအဝသောက်သင့်သလား ….. ဒီအကြောင်းကို မပြောခင် ရေရဲ့ အရေးပါမှုကို အရင် ပြောပြချင်ပါတယ်။ ရေဟာ သက်ရှိတို့အတွက် အရေးကြီးတဲ့ ဇီဝဓာတ်ဖြစ်ပါတယ်။ ကိုယ်ခန္ဓာရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်နိုင်ဖို့ ရေကိုလိုအပ်ပါတယ်။
ကိုယ်ခန္ဓာရဲ့ ၆၀ ရာခိုင်နှုန်းဟာ ရေဖြစ်ပါတယ်။ လုံလောက်တဲ့ ရေပမာဏကို မရရှိဘဲ ဇီဝဖြစ်ပျက်မှုတွေကို မလုပ်ဆောင်နိုင်ပါဘူး။
အစာအာဟာရများ သယ်ဆောင်ပေးခြင်း၊ ကိုယ်ခန္ဓာအပူချိန် ထိန်းညှိပေးခြင်း၊ အဆစ်အမြစ်များနဲ့ ကိုယ်ခန္ဓာစနစ်များအတွင်း ချောဆီရည်အဖြစ် လုပ်ဆောင်ပေးခြင်း၊ ကိုယ်တွင်းကလီစာများ အစိတ်အပိုင်းများကို ထိခိုက်မှုနည်းစေခြင်း စတဲ့ လုပ်ငန်းတာဝန်တွေ ထမ်းဆောင်ပေးပါတယ်။
တနေ့တာအတွင်းမှာ ချွေးထွက်ခြင်း၊ ဆီးသွားခြင်း စတာတွေကြောင့် ရေဓာတ်ကို ပုံမှန်ဆုံးရှုံးလျက်ရှိပါတယ်။ အဆိုပါ ဆုံးရှုံးမှုတွေကို ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် ရေကို လုံလောက်စွာ မရရှိရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
နောက်ပိုင်းလူကြိုက်များလာတဲ့ ပုံစံကတော့ မနက်အိပ်ရာနိုးပြီး ဘာမှမလုပ်ခင် ရေသောက်ဖို့ပါပဲ။ ဒီဆောင်းပါးမှာ ရေကိုမနက်ပိုင်းမှာ သောက်သင့်မသောက်သင့်ဆိုတာနဲ့ပတ်သက်ပြီး ဆက်လက်ဖော်ပြပါမယ်။
နံနက်ခင်း နိုးနိုးချင်း ရေအဝသောက်သင့်သလား
နံနက်ခင်း နိုးနိုးချင်း ရေအဝသောက်သင့်သလား ဆိုတော့ သောက်သင့်ပါတယ်။ ဒီလို ပြောရတာက
၁။ အိပ်ရာနိုးနိုးချင်းရေသောက်ခြင်းဟာ သင့်ကို ရေဓာတ်ပြည့်ဝစေပါတယ်။
မနက်အိပ်ရာထထချင်းမှာ ဆီးအရောင်က ပိုရင့်နေတတ်ပါတယ်။ ဒါဟာ တညတာမှာ ရေဓာတ်ရရှိခဲ့ခြင်း မရှိတာကြောင့်လို့ ပညာရှင်တချို့က ယူဆကြပါတယ်။ ဒါကြောင့် အိပ်ရာနိုးပြီးပြီးချင်း ရေများများသောက်ပြီး ရေဓာတ်ကို ဖြည့်တင်းထားသင့်ပါတယ်။ သုတေသီတချို့ကလည်း အိပ်ရာနိုးပြီး ၆နာရီအတွင်းဟာ ရေဓာတ်ကို အများဆုံးဖြည့်တင်းသင့်တဲ့အချိန်လို့ ဆိုကြပါတယ်။
၂။ မနက်ခင်းမှာ ရေများများသောက်ခြင်းဟာ တနေ့တာ ကယ်လိုရီရယူနှုန်းကို လျော့နည်းစေတယ်
ရေကို မနက်ခင်းမှာ များများသောက်ထားလိုက်ရင် ဗိုက်ပြည့်နေတဲ့ ခံစားမှုကို ရစေပြီး ကယ်လိုရီများများ စားသုံးမိခြင်းကနေ ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။ လေ့လာချက်တခုမှာတော့ မနက်စာမတိုင်ခင်မှာ ရေများများသောက်ပေးခြင်းဟာ ကယ်လိုရီစားသုံးမှုနှုန်းကို ၁၃ ရာခိုင်နှုန်း လျော့စေတယ်လို့ ဆိုပါတယ်။ နေ့လယ်စာ မစားမီ မိနစ်သုံးဆယ်ခန့် ကြိုပြီး သောက်သုံးပေးခြင်းဟာလည်း ကယ်လိုရီစားသုံးမှုကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။ ဒါဟာ အသက်ကြီးပိုင်းတွေအတွက် ပိုပြီး ထိရောက်တယ်လို့ ဆိုပါတယ်။
၃။ မနက်ခင်းမှာ ရေသောက်ခြင်းဟာ ကိုယ်အလေးချိန်ကျစေပါတယ်။
ဒီယူဆချက်ဟာ ကိုယ်ခန္ဓာအပူချိန်ပေးဖို့ အလုပ်လုပ်ပုံနဲ့ ဆက်စပ်နေပါတယ်။ ရေသောက်လိုက်ပြီးတဲ့အခါ အစာအိမ်အူလမ်းကြောင်း အေးမြသွားတဲ့အတွက် အပူချိန်ကို ပြန်လည်ထိန်းညှိဖို့ အပူချိန်မြှင့်ပေးဖို့ ခန္ဓာကိုယ်က လုပ်ဆောင်ရပါတယ်။ ဒီလုပ်ဆောင်ချက်မှာ ကယ်လိုရီလောင်ကျွမ်းမှုကို ပိုမြင့်လာစေတဲ့အတွက် ကယ်လိုရီကျစေတယ်လို့ ဆိုပါတယ်။
သုတေသနတချို့အရ ရေသောက်ခြင်းကြောင့် အပူချိန်စနစ်ကို သက်ရောက်မှုရှိရာကတဆင့် ဇီဝဖြစ်ပျက်မှုကို တိုးတက်စေပါတယ်။ လူကြီးတွေမှာ ဇီဝဖြစ်ပျက်မှုကို ၂၄-၃၀ ရာခိုင်နှုန်း ပိုမိုတိုးတက်လာစေပြီး ဒီအာနိသင်ဟာ တနာရီခန့်ကြာစေတယ်လို့ ဆိုပါတယ်။
တခြားသုတေသနတခုမှာ ဖော်ပြထားတာကတော့ ရေသောက်သုံးမှုပမာဏကို ၁.၅ လီတာ တိုးမြှင့်လိုက်ရင် ၄၈ ကယ်လိုရီကို ပိုမိုလောင်ကျွမ်းစေတယ်လို့ ဆိုပါတယ်။ တနှစ်လောက်ကြာမယ်ဆိုရင် အဆီပို၅ပေါင်ခန့်ကို လောင်ကျွမ်းစေတယ်လို့ ဆိုပါတယ်။
၄။ အိပ်ရာထချိန်ရေသောက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်စေပါတယ်။
ရေဓာတ်ခမ်းခြောက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုကို ကျဆင်းစေပါတယ်။ မှတ်သားနိုင်ခြင်း၊ အသစ်များ လေ့လာခြင်း စတာတွေကို လုပ်ဆောင်နိုင်စွမ်း လျော့နည်းစေပါတယ်။ ကိုယ်အလေးချိန်ရဲ့ ၁-၂ ရာခိုင်နှုန်းခန့် ရေဓာတ်လျော့နည်းသွားခြင်းဟာ နိုးကြားမှု၊ အာရုံစူးစိုက်မှု၊ ရေတိုမှတ်ဉာဏ် စတာတွေအပြင် ကိုယ်လက်လှုပ်ရှားမှုတွေကိုလည်း ကျဆင်းသွားစေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် မနက်စောစောမှာ ရေဓာတ်ဖြည့်တင်းထားတာ အကောင်းဆုံးပါပဲ။
၅။ မနက်စောစော ရေသောက်ထားခြင်းဟာ အဆိပ်အတောက်တွေကို ဖယ်ရှားပြီး အရေပြားကို အကျိုးပြုပါတယ်။
ကိုယ်ခန္ဓာထဲက အဆိပ်အတောက်တွေကို ကျောက်ကပ်ကနေ စစ်ထုတ်ဖယ်ရှားပါတယ်။ ဒီအတွက် ရေကို လိုအပ်ပါတယ်။ တကယ်လို့ စစ်ထုတ်ရမယ့် ပမာဏဟာ ကျောက်ကပ်ကနေ ကိုင်တွယ်လုပ်ဆောင်နိုင်မယ့် ပမာဏထက် ကျော်လွန်နေမယ်ဆိုရင် ဆီးများများစွန့်ဖို့ လိုပါတယ်။ ဒီအတွက် ရေများများသောက်ဖို့ လိုပါတယ်။
ဒါ့အပြင် ရေများများသောက်ခြင်းဟာ အရေပြားကို အကျိုးပြုပါတယ်။ မနက်ခင်းမှာ ရေများများသောက်ခြင်းက ဝက်ခြံထွက်တာကို လျော့နည်းစေပြီး အသားအရေကို စိုပြည်စေပါတယ်။