ပိတောက်ပန်း သည် မြန်မာလူမျိုးတို့၏ နှစ်သစ်ကူး အထိမ်းအမှတ်ဖြစ်သည်။ မြန်မာ ဆယ့်နှစ်လ ရာသီများတွင် တန်ခူးလဟူသော မြန်မာ နှစ်သစ်ကူးလတွင် ပိတောက်ပန်းများ ဝေဆာစွာ ပွင့်ဖူးကြသည်။ မြန်မာလူမျိုးတို့သည် ပိတောက်ပန်းအား ဗုဒ္ဓဘုရားရှင်အား ကပ်လှူခြင်း၊ ပန်ဆင်ခြင်းတို့တွင် အသုံးပြုကြသည်။ ပိတောက်ပန်းနှင့် ပက်သက်သော ကဗျာများ၊ သီချင်းများ၊ ဝတ္ထုဇတ်လမ်းများ အများအပြားရှိသည်။ ပိတောက်ပင်ကို မြန်မာနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတို့တွင် တွေ့ရှိရသည်။
ပိတောက်ပင်သည် ယေဘုယျအားဖြင့် အလယ်အလတ် အမျိုးအစား အပင်မျိုးဖြစ်ပြီး ၁၀ မီတာမှ ၃၀ မီတာထိ ရှည်လျားတတ်ပြီး အချင်း ၁.၇ မီတာခန့်ရှိသည်။ ခြောက်သွေ့ရာသီတွင် ပေါက်ရောက်သော အမျိုးအစားဖြစ်သည်။ အပင်အပြင်ခွံသည် အညိုရောင် ဖြစ်ပြီး ပွရောင်းသည်။ အတွင်းသားသည် အနီရောင် ဖျော့ဖျော့ ရှိသည်။ အပွင့်များသည် ၂၀-၂၅ စင်တီမီတာ ရှည်လျား၍ အဝါရောင်ရှိသည်။ အရွက်ရှိ ဆစ်တံများသည် ၅-၉ စင်တီမီတာ ရှည်လျားကြသည်။ ပိတောက်သီးသည် အစေ့ဆံ ၂ခု သို့ ၃ခုခန့် ပါရှိတတ်ပြီး အတောင့် သဏ္ဍန်ရှိသည်။ ၎င်းကို ၄.၅မှ ၇ စင်တီမီတာခန့်ရှိသော အတောင်ပံကဲ့သို့သော အမွေးပါးလေးများဖြင့် ဝန်းရံထားသည်။ ပိတောက်သားသည် သစ်မာအမျိုးအစား ဖြစ်ပြီး ခိုင်ခန့်ခြင်း၊ ခြမစားခြင်းတို့ကြောင့် အိမ်တိုင်များ၊ အိမ်ပျဉ်၊ ဗီရို၊ လှည်းဘီးနှင့် လှည်းလက်ရန်းတိုင်များနှင့် အခြား ပရိဘောဂ အမျိုးမျိုးတို့တွင် အသုံးပြုကြသည်။