မတ်လ ၁၃ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့ရှိ မြို့နယ်သစ်တောဦးစီးမှူးရုံးအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးပုလင်းများဖြင့် ပစ်ပေါက်တိုက်ခိုက်ရာ ဝန်ထမ်းအိမ်ရာ အဆောက်အဦ မီးလောင်ပျက်စီးသွားကြောင်း သိရှိရပါတယ်။
ဖြစ်စဉ်မှာ ပုလဲမြို့ရှိ မြို့နယ်သစ်တောဦးစီးမှူးရုံးအား ယနေ့နံနက် ၈ နာရီ ခွဲ ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက အဆိုပါမြို့၏ အနောက်ဘက်ရှိ မြကုန်းကျေးရွာမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ရုံးဝန်းအတွင်းသို့ မီးပုလင်း ၄ လုံး ဖြင့် ပစ်ပေါက်၍ မီးရှိ့ဖျက်ဆီးခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားရာနေရာသို့ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်မီးငြိမ်းသတ်ခဲ့ရာ နေ့လယ် ၁၁ နာရီ ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် ယာယီပိတ်ထားပြီး လူနေထိုင်ခြင်းမရှိသည့် ဝန်ထမ်းအိမ်ရာ အဆောက်အဦအဟောင်းများ (ကာလတန်ဖိုး ကျပ် ၈၅ သိန်းခန့်) မီးလောင် ပျက်စီးသွားခဲ့ကြောင်း သိရှိရပါတယ်။