- မြန်မာအမည် - ပြောင်းဖူး ရွက်ခြောက်ရောဂါ
- အင်္ဂလိပ်အမည် – Maize leaf blight disease
- Northern corn leaf blight (NCLB)
- Scientific name – Setosphaeria turcica
- (Exserohilum turcicum)
အမေရိက မြောက်ပိုင်းတက္ကသိုလ်နယ်မြေမှာ စတင်တွေ့ရှိခဲ့လို့ မြောက်ပိုင်း ပြောင်း ရွက်ခြောက်ရောဂါ..လို့အမည်မှည့်ခေါ်ဟန်တူပါတယ်။
ယခုလို.ဆောင်းအကုန်၊ နွေအကူးကာလမျိုးမှာ…
နံနက်ခင်း နှင်းကြွင်းလေးတွေကျနေတဲ့ ပြောင်းရွက်လေးတွေဟာ နွေဦးရဲ့ ပူနွေးခြောက်သွေ့တဲ့ လေပူတွေနဲ့တွေ့ပြီး ဒဏ်ရာမှတဆင့် ရွက်ခြောက်ရောဂါကို ရရှိပြန့်ပွားစေပါတယ်။
ရောဂါလက္ခဏာ
အစောပိုင်း လက္ခဏာများအနေနဲ့.. အရွက်ကြောများနှင့်အပြိုင် ရှည်လျားကျဉ်းမြောင်းတဲ့ ဒဏ်ရာ များ ပေါ်လာပါတယ်။ ရောဂါကြီးထွားလာသည်နှင့်အမျှ ဒီကျဉ်းမြောင်းတဲ့အနာများဟာ ရှည်မျောမျောပုံ (သို့မဟုတ်) ဆေးပြင်းလိပ်ပုံသဏ္ဌာန်” ကျယ်ပြန့်လာပါတယ်။
တဖြည်းဖြည်းနဲ့… ဆေးပြင်းလိပ်ပုံသဏ္ဌာန်အနာများက… အချိန်ကြာလာသည်နှင့်အမျှ ပေါင်းစပ်သွားပြီး ၇ လက်မအရွယ်ထိ ရှည်လျားတတ်ပါတယ်။
သင့်လျော်သောအခြေအနေများမှာ ဒဏ်ရာအတွင်းက မှိုစပိုးလေးတွေထုတ်လုပ်နိုင်ပြီး လက်ကိုမှန်ဘီလူးနဲ့ကြည့်ရှုတဲ့အခါမှာ အနက်ရောင် သို့မဟုတ် အစိမ်းနုရောင်အစက်လေးများအဖြစ် တွေ့နိုင်ပါတယ်။
ပြောင်းဖူးမထွက်မီ ရောဂါရရင်တော့… အထွက်နှုန်း ၃၀-၅၀ ရာခိုင်နှုန်း ဆုံးရှုံးနိုင်ပါတယ်။
ရောဂါပြန့်ပွားစေသောရာသီဥတု
အပူချိန် ၁၈-၂၇ ဒီဂရီ ဆဲစီးယပ်နဲ့ စိုထိုင်းဆ ၈၀ ရာခိုင်နှုန်းအခြေအနေ သို့မဟုတ် မိုးဆီးနှင်း ဆက်တိုက်ကျမှုကြောင့် အရွက်စိုစွတ်မှု (၈-၁၈ နာရီ) ကြာပါက… ပြောင်းဖူးရွက်ခြောက်ရောဂါ ကူးစက်ပျံ့ပွားစေပါတယ်။
(မြန်မာနိုင်ငံ ပြောင်းစိုက်အများဆုံးဧရိယာဖြစ်တဲ့ ရှမ်းပြည်နယ် တခွင်လုံးနဲ့ ဧရာဝတီတိုင်း၊ရန်ကုန်တိုင်းဒေသတွေရဲ့ နွေဦးရာသီ ပြောင်းခင်းများအတွက်… အထူးသတိပြုစရာပါ။)
ရောဂါကူးစက်ချိန်ဟာ ပြောင်းဖူးဆံမြိတ်မထွက်မီ ၂ ပတ် သို့မဟုတ် ထွက်ပြီး၂ ပတ်အတွင်း၊ပြောင်းဖူးရွက်တွေပေါ်မှာ ရောဂါကျရောက်ပါက အစေ့အဆန်ဖြည့်တင်းချိန်မှာ အရွက်များ အစာလုံလောက်စွာမချက်နိုင်လို့ အထွက်ဆုံးရှုံးမှု ပိုများနိုင်ပါတယ်။
ဒီရောဂါရဲ့နောက်ဆက်တွဲအနေနဲ့တော့ ပြောင်းရိုးတံပုပ်(Stalk rot disease) ရောဂါ ဖြစ်စေတတ်ပါတယ်။
ကြိုတင်ကာကွယ်ရန်နည်းလမ်းများ
- ရောဂါခံနိုင်ရည်ရှိသော မျိုးကောင်းမျိုးသန့်ကို ရွေးချယ်စိုက်ပါ။
- အပင်အကြွင်းအကျန်များကို ဆွေးမြည့်စေပြီးမှ(ရှင်းလင်းပြီးမှ) စိုက်ပါ။ (မြေဆောင်ရောဂါ မဟုတ်လို့၊ မျိုးစေ့လူးဆေးအသုံးပြုလို့ မထိရောက်နိုင်ပါ)
- အာဟာရ အချိုးမျှတအောင်ကျွေးပါ(ယူရီးယား များလွန်းခြင်း ရှောင်ပါ)
- သီးလှည့်စိုက်ပါ( ပဲပုတ်၊ ပဲတီစိမ်း၊ မတ်ပဲ၊ နေကြာ..စသည်သီးနှံများနဲ့ အလှည့်ကျစိုက်ပါ)
- အပင်တစ်လသားအရွယ် ထရိုင်ကိုဒါးမားကို သဲနဲ့ရောပြီး အပင်ခြေထည့်ပေးပါ။
- ဆာလဖာဖျန်းပေးခြင်းဖြင့်လည်း ရောဂါကာကွယ်မှု ထိရောက်စေပါသည်။
မှိုသတ်ဆေးဖြင့်ကာကွယ်နှိမ်နင်းခြင်း
အောက်ဖော်ပြပါ ဆေးအုပ်စုများမှ သင့်တော်ရာတမျိုး သို့မဟုတ် တမျိုးထက်ပိုပြီးကို အညွှန်းပါအတိုင်း အသုံးပြုနိုင်ပါတယ်။
- Mancozeb
- Captan
- Chlorothalonil
- Propiconazole
- Hexaconazole
- Difenoconazole
- Azoxystrobin
- Pyraclostrobin
စေတနာများစွာဖြင့်
ဒို့ဦးလေး
Ref >>> Northern corn leaf blight disease at Purdue Extension.
“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်”