အဆင့်အတန်းနဲ့မဆိုင်ဘူး၊ ပညာအရည်အချင်းနဲ့မဆိုင်ဘူး
အငုံ့စိတ်များတဲ့လူတွေကိုကြည့်လိုက်ရင် စိတ်ရင်းနဲ့ဆက်ဆံချိုသာနေတာထက် …
ဟန်ဆောင်ချိုမြိန်နေရတာများတယ်။ လူနေမှုဘဝမှာ တစ်ကယ့်ပျော်ရွှင်ခြင်း အစစ်အမှန်ဆိုတာ အငုံ့စိတ်ရှိသူတို့ရဲ့ ကမ္ဘာမှာမရှိဘူး။
ကိုယ်ထက်သာရင် ကိုယ်မနာလိုတာမျိုးပေါ့…
သူများပျော်နေတာတွေ့ရရင် ကိုယ်မပျော်ပေးနိုင်ဘူး။
ဘေးလူနဲ့အမြဲယှဉ်နေတတ်ပြီး ကိုယ့်ဘေးကလူတွေကို ဘလိုင်းကြီး စိတ်တိုင်းကျမနေတော့တာ။
အငုံ့စိတ်ရှိတဲ့လူတွေကိုကြည့်ရင် ဘဝမှာမအောင်မြင် မဖြစ်ထွန်းတာများတယ်။
ကံကောင်းလို့ လမ်းကြောင်းပေါ်ရောက်နေခဲ့ရင်တောင် စိတ်ရဲ့အာဟာရကလည်း တစ်နည်းမဟုတ် တစ်နည်းနဲ့ကို ချို့တဲ့နေကြတော့တာ။
အငုံ့စိတ်ဆိုတာ ပညာတတ်၊ ပညာမဲ့ မရွေးဘူး။ အယုတ်အလတ်အမြတ်အပိုင်းအခြားမရွေး ရှိတတ်ကြတယ်။
မဇ္ဈရိယစိတ်တွေကို မြစ်ဖျားခံလာပြီး အငုံ့စိတ်ပေါ်လာတဲ့အခါ လူဟာဆင်ခြင်တုံတရားကင်းမဲ့ပြီး မဆင်မခြင်လျှောက်လုပ်တော့တာပဲ။
အဲဒီချိန်မှာ မှားတယ်မှန်တယ်မသိတော့ဘူး၊ နှစ်ဖက်မျှမစဉ်းစားတတ်တော့ဘူး၊ လက်ဖမိုးလက်ဖဝါးပြဿနာဆိုတာလည်း နားမလည်တော့ဘူး။ အတ္တကိုရှေ့တန်းတင်လို့ ငါသည်သာ အမှန်ဆိုတဲ့ခံယူချက်ဝင်သွားတတ်တယ်။
ကျွန်တော်တော့ အဲလိုလူတွေကိုမြင်ရင် ဂုံးအပုပ်ကြီးလို့ပဲမြင်တယ်။ ကိုယ်တိုင်ကပုပ်နေတော့ သူနဲ့လိုက်တိုက်ကြည့်တဲ့ ကျန်လူတွေကိုပါ အဆံ့ချောင်နေပြီ အပုပ်ကြီးလို့ လိုက်ထင်နေတာ
(တကယ်က ကျန်တဲ့လူတွေကအကောင်း၊ သူကိုယ်တိုင်က ပုပ်နေတော့ သူနဲ့တိုင်းပြီး ကျန်သူတွေပါပုပ်ပြီထင်နေတာ…။)
ပြီးရင် အဆိုးဆုံးက သူတို့ကိုယ်သူတို့အမြဲမှန်တယ်ဆိုပြီး Cover ယူပြီး ဘဝအမောတွေကို ဖြေဖျောက်ကြသေးတာ။
တစ်ကယ်တမ်းကျ အငုံ့စိတ်ရှိသူတွေဟာ သိပ်သနားဖို့ကောင်းတယ်။ သူတို့ကောင်းချင်ယောင်ဆောင်သမျှကြီးက ဘေးလူအနေနဲ့ ကြည့်ရရင် မြင်ရတွေ့ရ ဟာဒယ ရယ်ရွှင်ဆေး တိုက်ကျွေးလိုက်သလို ရယ်စရာ ကောင်းချင်တိုင်းကောင်းနေတော့တာ။
ဒီတော့ ခင်ဗျားမှာ အငုံ့စိတ်ရှိနေတယ်မလား! အချိန်မှီပြင်ဆင် … ။
မဟုတ်လို့ကတော့ ခင်ဗျားကစလို့ ခင်ဗျားပတ်ဝန်းကျင်၊ နောက်ဆုံးခင်ဗျားက ယွထလို့ လူ့လောကထဲရောက်လာတဲ့၊ ရောက်လာဦးမယ့် ရင်သွေးတွေထိ အငုံ့စိတ်နဲ့ပြုစုပျိုးထောင်သမျှဟာ သနားစရာကောင်းချင်တိုင်း ကောင်းနေဦးမှာ။
ပတ်ဝန်းကျင်မှာ အငုံ့စိတ်ရှိတဲ့လူရှိနေရင်လည်း ပြင်ပေးဖို့ကြိုးစားမနေနဲ့။ အချိန်မှီသာဖယ်ခွါလိုက်။
အငုံ့စိတ်တို့မည်သည် ကိုယ်တိုင်ပြောင်းလဲ ပြင်ဆင်လိုစိတ်မရှိမချင်း ဘယ်သောအခါမှ ပြောင်းလဲမှာမဟုတ်လို့ဘဲ။
ဒီတော့ ကျွန်တော်ကတော့ ကျွန်တော့ ပတ်ဝန်းကျင်မှာ အဲလိုလူတွေမထားဘူး။
ကျွန်တော်ကစလို့ သူတစ်ပါးကို အပြစ်မြင်လာရင် “အော် ငါရော ဂုံးအပုပ်ကြီးများ ဖြစ်နေပြီလား “လို့ အထပ်ထပ်ပြန်မေးခွန်းထုတ်မိပြီး ပြောင်းလဲပြင်ဆင်တော့တာပဲ။
လူ့ဘဝကတိုတိုလေး … ဘာအတွက် ခေါင်းစားခံနေမလဲ။ အငုံ့စိတ်ကင်းစင် ပြုံးပျော်ရွှင်ပါပဲ။ ရှောင်လေဝေးဝေး အငုံ့စိတ်ဘေးပါပဲ