ထိုင်းနိုင်ငံမှာ ၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဟာ အပင်ထွက်ပစ္စည်းပါဝင်တဲ့ ဂျယ်လီသကြားလုံး စားမိပြီး ဆေးရုံတင်ပို့ကုသခဲ့ရသဖြင့် ဆေးခြောက်ထည့်ထားတဲ့ စားသောက်ကုန်များကို သတိထားကြဖို့ ကလေးမိဘတွေကို ဆရာဝန်တစ်ဦးက အသိပေးတိုက်တွန်းခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိရပါတယ်။
အဲဒီသတိပေးချက်ကို နခွန်ဖနွန်ပြည်နယ်၊ သက်ပနွမ်မင်းသားဆေးရုံမှ ဆရာဝန်တစ်ဦးဖြစ်တဲ့ ဝီရာစီနီရာတာနာလက်က ဖေဖော်ဝါရီ ၆ ရက်တွင် သူမရဲ့ Facebook စာမျက်နှာပေါ် လွှင့်တင်ခဲ့ပါတယ်။
၈ နှစ်အရွယ် မိန်းကလေးငယ်ဟာ ဂျယ်လီသကြားလုံး စားပြီးတဲ့နောက် ငိုက်မျဉ်းလာတဲ့အပြင် အော့အန်လာတာကြောင့် မိခင်က ဆေးရုံသို့ ခေါ်ဆောင်လာခဲ့ပါတယ်။
အစောပိုင်းမှာတော့ ဆရာဝန်တွေက ကလေးအခြေအနေကို စမ်းသပ်ပြီး အံ့အားသင့်ခဲ့ကြပေမယ့် နောက်ပိုင်း မိဘတွေနဲ့အမေးအဖြေပြုလုပ်ရင်း ဆွေမျိုးသားချင်းတစ်ဦးပေးတဲ့ ဂျယ်လီသကြားလုံးစားမိတဲ့ကိစ္စ ပေါ်ပေါက်လာခဲ့ပါတယ်။
အဲဒီဂျယ်လီသကြားလုံးရဲ့နမူနာထဲမှာ စိတ်ကိုပြောင်းလဲစေတဲ့ အပင်အမျိုးအစားထဲ ဓါတ်ပစ္စည်းများ ပါဝင်နေပြီး ကလေးငယ်ဟာ ဆေးခြောက်သုံးစွဲမိသည့်လက္ခဏာအဖြစ် ဆီးစစ်ချက်မှ အတည်ပြုနိုင်ခဲ့ပါတယ်။
အလားတူ ဖြစ်ရပ်မျိုး မကြုံရစေဖို့ ကလေးမိဘတွေအနေနဲ့ ဆေးခြောက်ထည့်သွင်းဖော်စပ်ထားတဲ့မုန့်ပဲသွားရည်စာတွေနဲ့ အချိုုရည်များကို ပိုမိုသတိထားကြဖို့ လိုအပ်လာပြီဖြစ်ပါတယ်။