ရုံးပိတ်ရက် ကျောင်းပိတ်ရက် အိမ်မှာလူစုံပြီဆို မုန့်ဟင်းခါးချက်ကျွေးဖို့ တောင်းဆိုကြတော့တာပါပဲ။ မုန့်ဟင်းခါးဆိုတာက ချက်ဖူးတာများလာပြီ ကျွမ်းကျင်လာပြီဆိုရင် ချက်ရတာမပင်ပန်းတော့ဘဲ လွယ်ကူမြန်ဆန်လာပါတယ်။ မိသားစုဝင်တွေစုံတဲ့ ပိတ်ရက်တွေမှာ မုန့်ဟင်းခါးကောင်းကောင်းလေးချက်ပြီး လက်စွမ်းပြချင်သူတွေအတွက် အစ်မက ငါးဆီသတ်နံ့မွှေးမွှေးလေးနဲ့ အရသာရှိလှတဲ့ရန်ကုန်မုန့်ဟင်းခါးချက်နည်းလေးကို မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ငါးကြင်း သို့ ငါးခူ ၄၀ ကျပ်သား (စပါးလင်၊နနွင်းမှုန့်၊ ငံပြာရည်ဖြင့်ပြုတ်ပြီး အရိုးနွှင်ထားပါ)
- ရလာသော အရိုးများကိုထောင်းကာ ရေနွေးဆူဆူဖြင့်ရောမွှေပြီး အရည်စစ်ယူထားပါ
- ကြက်သွန်နီဥကြီး ၅ ဥ (ပါးပါးလှီးပြီး ထောင်းထားပါ)
- ကြက်သွန်နီဥသေး ၁၅ လုံး (အခွံနွှာရေဆေးထားပါ) (မုန့်ဟင်းခါးထဲအလုံးလိုက်ထည့်ရန်)
- ကြက်သွန်ဖြူ ၁၀ မွှာ (ထောင်းထားပါ)
- ချင်း ၃ လက်မ (ရေဆေးပြီး ထောင်းထားပါ)
- စပါးလင် ၃ ပင် အပင်ရဲ့ အောက်ခြေနား သုံးပုံတစ်ပုံကိုယူပြီး ပါးပါးလှီးကာထောင်းထားပါ
- ကျန်အပိုင်းတွေကို ငါးပြုတ်ဖို့နဲ့ဟင်းရည်ထဲထည့်ဖို့ သုံးပါမယ်
- ငှက်ပျောအူ ၁ အူ (ငှက်ပျောအူအနုနေရာများကို ပါးပါးလှီးပြီး ရေ၊ နနွင်းတို့နဲ့စိမ်ထားပေးပါ)
- ဆန်လှော်မှုန့် ၉၀ ဂရမ် (ရေဖျော်ထားပါ)
- ငံပြာရည် ထမင်းစားဇွန်း ၅ ဇွန်း (ငါးပြုတ်ရန်)
- နနွင်းမှုန့် ထမင်းစားဇွန်း ၁ ဇွန်း ဆီသတ်ရန်နဲ့ငါးပြုတ်ရန် တစ်ဝက်စီသုံးပါ
- ငရုတ်သီးအရောင်တင်မှုန့် ထမင်းစားဇွန်း ၂ ဇွန်း
- ငရုတ်ကောင်းမှုန့် ထမင်းစားဇွန်း ၁ ဇွန်း
- ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း (တစ်ဝက်စီ သုံးပါမယ်)
- ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း (တစ်ဝက်စီ သုံးပါမယ်)
- ကုလားပဲ ၁၀ ကျပ်သား နူးအိအောင်ပြုတ်ပြီး အဖတ်ဆယ်ကာထောင်းထားပါ။ ပဲပြုတ်ရည်များကိုသိမ်းထားပေးပါ)
- ဆီ ၁၀ ကျပ်သား
- ရေ ၈ ခွက် (၂၀၀၀ မီလီလီတာ)
- မုန့်ဟင်းခါးထဲ ထည့်စားရန်
- မုန့်ဖတ် ၁ ပိဿာ
- နံနံပင် ၁ စည်း (ရေဆေးပြီး ပါးပါးလှီးထားပါ)
- ပဲသီး ၁ စည်း (ရေဆေးပြီး ပါးပါးလှီးထားပါ)
- ရှောက်သီး ၁ လုံး (စိတ်ထားပါ)
- ငရုတ်သီးအလှော်မှုန့် ၁ ပန်းကန် (နှစ်သက်သလို ထည့်စားနိုင်သည်)
- ယိုးဒယားငံပြာရည်အနည်းငယ် (နှစ်သက်သလို ထည့်စားနိုင်သည်)
- ပဲကပ်ကြော် ၁ ထုပ်
- ဘဲဥ ၅ လုံး (ပြုတ်ပြီး စိတ်ထားပါ)
- ငါးဖယ်ကြော် ၁၀ ခု (ကပ်ကြေးဖြင့် ညှပ်ထားပါ)
ချက်ပြုတ်ပြင်ဆင်ပုံ
- ဒယ်အိုးထဲကိုဆီထည့်ပြီး ဆီဆူလာရင် ကြက်သွန်ဖြူ၊ကြက်သွန်နီ၊စပါးလင်၊ချင်းတို့ထည့်ကာဆီသတ်ပါ။ ၁ မိနစ်ခန့်ကြာတဲ့အခါ နနွင်းနဲ့ငရုတ်သီးအရောင်တင်မှုန့်ထည့်မွှေပါ။ ပြီးရင် ငါးထည့်မွှေပါ။ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ဆီသတ်ပါ။ ဆားနဲ့ ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ ထည့်ပါ။
- မုန့်ဟင်းခါးဟင်းရည်ချက်ဖို့အတွက် အိုးကြီးတစ်လုံးထဲကို ရေ၊ ငါးပြုတ်ရည်၊ ပဲပြုတ်ရည်၊ ဆီသတ်ထားသောငါး၊ စပါးလင်နှစ်ပင်တို့ထည့်ကာ မီးဖိုပေါ်တင်ပါ။ ဆန်လှော်မှုန့်နဲ့ထောင်းထားသော ပဲများထည့်ပါ။
- ဟင်းရည်ဆူလာရင် အပေါ့အငန်ချိန်ဆပြီး ဆားနဲ့ခနောကြက်သားမှုန့်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ ထည့်နိုင်ပါတယ်။ ဆန်လှော်မှုန့်တွေကောင်းကောင်းပျော်ဝင်သွားပြီဆိုရင် ငှက်ပျောအူထည့်ပါ။ ငှက်ပျောအူနူးလာတဲ့အခါ ကြက်သွန်နီဥသေးများနဲ့ ငရုတ်ကောင်းမှုန့်ထည့်ပေးလိုက်ပါ။ကြက်သွန်နီဥလေးများ နူးသွားတဲ့အခါ သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။
- ခုဆိုရင်တော့ မွှေးပျံ့အရသာရှိလှတဲ့ မုန့်ဟင်းခါးဟင်းရည်ကိုရရှိပါပြီ။ မုန့်ဖတ်ထဲကို ဟင်းရည်လေးဆမ်းပြီး ဘဲဥ၊ ပဲကြော် ၊ ငါးဖယ်တို့နဲ့ တဝသုံးဆောင်နိုင်ပြီဖြစ်ပါတယ်။