ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ထောင်ပူဇော် ခြင်း မဟာမင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် အဆိုပါ ဗုဒ္ဓ ဥယျာဉ်တော်အတွင်း၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဉက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရဘိဝံသ နှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင်နိကာယ ဉက္ကဋ္ဌ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ တို့ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စေတနာရှင်၊ အလှူရှင်များဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ သံမဏိ မျှော်စင်ဝန်ချီစက်အသုံးပြု၍ ပင့်ထောင်လျက်ရှိရာ ယနေ့ည ၁၂ နာရီအချိန်အထိ ရတနာပလ္လင်တော်ထက်သို့ ၆၈ ဒသမ ၆ ဒီဂရီ ပင့်ထောင်ပူဇော်ပြီးစီးပြီ ဖြစ်ကြောင်း သတင်းရရှိသည်။






