ဟို့ရှေ့က တောင်ပြာပြာ
ဘာတောင်လို့မေး ၊
မေးပါနဲ့လေ —
ဖားအံမြေ အလှကဲ
ဇွဲကပင် တဲ့လေး ။
ဟိုးရှေ့က မိုးထက်ညံ
ဘာသံလို့မေး ၊
မေးပါနဲ့လေ —
ဖားစည်သံဝေ ချိုမြမြ
ပီသပေါ့လေး ။
ဟိုရှေ့က ကခုန်ပြန်
ဘာဟန်လို့မေး ၊
မေးပါနဲ့လေ —
တို့ကရင် ရိုရာ”အက”
မြူးကြွပေါ့လေး ။
“စည်းဝါး”ကျ ညီညာမှန်
ကဟန်မြင်ငေး ၊
ငေးပါနဲ့လေ —
ဒုံးယိမ်းရယ် ဝါးညှပ်”အက”
မြိုင်လှပေါ့လေး ။
ဟိုရှေ့က စားဖွယ်ရာ
ဘာရယ်လို့မေး ၊
မေးပါနဲ့လေ —
ကရင်ရိုးရာ လက်စွမ်းပြ
“တာလပေါ့”တဲ့လေး ။
ဖားစည်နှင့် ဒုံးယိမ်းမယ်
ဘာရယ်ကြောင့်မေး ၊
မေးပါနဲ့လေ —
တို့ကရင် ပြည်နယ်နေ့မို့
ဓလေ့ပွဲလေး ။
နွေဦးကိုကို


