● တပ်ခွဲမှူးမွေးနေ့ ●

စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရန် ကချင်ပြည်နယ်သို့ ရောက်ရှိနေပါ သည်။တပ်ခွဲမှူးကြီး ဦးဆောင်သော တပ်ခွဲတွင် ကျွန်တော်၏ တပ်စုသည်လည်း စစ်ဆင်ရေးလှုပ်ရှားတာဝန်တွင် ပါဝင်ပြီး ခတ်ခရားယံ ဆိုသော ဂျင်းဖောရွာလေးသို့ ရောက်ရှိနေခြင်းလည်း ဖြစ်ပါသည်။

ကျေးရွာပတ်ဝန်းကျင်ကို လေ့လာသုံးသပ်ပြီး ကျွန်တော်တို့ တပ်ခွဲတစ်ခွဲလုံး လမ်းမသုံးဘဲ ဆက်လက်ချီတက်ခဲ့ရာ စစ်ဗျူဟာ အရေးကြီးနေရာတစ်ခုတွင် ခေတ္တစခန်းချခဲ့ကြပါသည်။

စတင်ချီတက်လာစဉ်တည်းက ကျွန်တော်၏ တပ်စုမှာ ရှေ့မှ ချီတက်လာသည့်အတွက် စခန်းချရာတွင် ကျွန်တော်၏ တပ်စုနှင့် တပ်ခွဲမှူး၏ တပ်ခွဲရုံးမှာ ကိုက် ၂၀၀၀ ကျော်ဝေးခဲ့ပါသည်။ တောင်ကုန်းပေါ်တွင် နေရာယူထားကာ လှုပ်ရှားခံစစ်လုပ်ငန်းများ ဆောင်ရွက်နေခဲ့ပါသည်။

ညနေ နေဝင်ဖြိုးဖျအချိန်တွင် တပ်ခွဲရုံးမှ တပ်ခွဲအရာခံဗိုလ် ဆရာကြီး ငါးဂေါင် ကျွန်တော့်ထံသို့ ရောက်ရှိလာပါသည်။ ဆရာကြီးမှာ တောင်ပေါ်တိုင်းရင်းသားဖြစ်ပြီး ဘဝကိုရိုးရှင်းစွာ ဖြတ်သန်းနေသူဖြစ်ပါသည်။ စကားပြောရာတွင် “နင်၊ ငါ” နှင့် ပြောတတ်သလို ဆီမပါသော တောင်ပေါ် ဟင်းများ ချက်ရာတွင်လည်း ကျွမ်းကျင်လှပါသည်။ တောင်ကုန်းအား တက်လာရသည့်အတွက် အနည်းငယ်မော နေသော ဆရာကြီးအား •••

“လာ … ဆရာကြီး ရေနွေးသောက် ခဏနားဦး”

ဟု ဧည့်ဝတ်ပြုကြိုလိုက်ပါသည်။

“မနားတော့ဘူး ဗိုလ်ကြီး … တပ်ခွဲမှူးကမှာလိုက်လို့”

“ ဘာမှာလိုက်လို့လဲ ဆရာကြီး … အေးအေးဆေးဆေး ပြောလဲရပါတယ်”

“နောက်မှနားမယ် … တပ်ခွဲမှူးမှာတာ အရင်ပြောမယ်”

“ကဲ … ပြော ဘာမှာလိုက်လဲ”

“တပ်ခွဲမှူးက ပြောတယ် … တုန်မောင်တုန် .. ဆဲဗင်းအို ကလော့မှာ မုန့်လုပ်မယ်တဲ့”

ဒီတစ်ခါ ဦးနှောက်စားသွားရတာက ကျွန်တော်။ ဆရာကြီး ဘာတွေ ပြောနေသနည်း။ တပ်ခွဲမှူးမှ စကားဝှက်များနှင့် ပြောလိုက် တာများလား။ ကြိုတင်ပေးထားသည့် ဝှက်စာ/စကားဝှက်များလည်းမရှိသဖြင့် အသေးစိတ်သိရအောင် ဆရာကြီးအား ထပ်မံ မေးကြည့်မိပါသည်။

“သိပ်သဘောမပေါက်ဘူး … ဆရာကြီး ပြန်ပြောပြပါဦး”

ဆရာကြီးမှ စိတ်မရှည်သော အမူအယာဖြင့် …

“တုန်မောင်တုန် ဗျာ …
ဆဲဗင်အိုကလော့ ဗျာ … မုန့်လုပ်မှာ ဗျာ …”

“တုန်မောင်တုန်တော့ မသိဘူး။ စကားဝှက် ထင်တယ်၊ ဆဲဗင်အို ကလော့ကတော့ ဘရိတ်ဒါးဘဲ။ တပ်ခွဲမှူး မုတ်ဆိတ်ရိတ်ဖိုဖြစ်မယ်။ မုန့်လုပ်မှာကတော့ တပ်ခွဲမှူးမွေးနေ့မှာ ရဲဘော်တွေ ကျွေးချင်လို့ နေမှာပေါ့”

ဆရာကြီးရှင်းပြမှ ပိုရှုပ်သွားရပါတော့သည်။ ထိုအချိန်အခါက ယခုလို လမ်းလျှောက်စကားပြောစက်များလည်း မရှိသေး။

“ကဲ … ကဲ ဆရာကြီး နားပြီးရင် ကျွန်တော်ပါတပ်ခွဲမှူးဆီ လိုက်ခဲ့မယ် … အဲဒီအခါမှ စကားဝှက်ကို ဖော်ကြတာပေါ့”

ကျွန်တော်လည်း လုံခြုံရေးတစ်စိတ်ခေါ်ပြီး ဆရာကြီးနှင့်အတူ တပ်ခွဲမှူးထံ လိုက်လာခဲ့ပါတော့သည်။တပ်ခွဲရုံးရောက်ပြီး တပ်ခွဲမှူးနှင့်တွေ့တော့ …

“ဟာ … ညီလေး မင်းတောင်ပေါ်ကဆင်းလာရမှာ စိုးလို ဆရာကြီး ငါးဂေါင်ကို သေချာမှာလိုက်တာ မပြောဘူးလား”

“ပြောပါတယ် … အဲ့ဒီစကားဝှက်ကို ဖေါ်မရလို့ ကျွန်တော်လိုက်လာတာ..
အစ်ကိုကြီး ဘာပြောလိုက်တာလဲ”

တပ်ခွဲမှူးက ချောင်းတစ်ချက်ဟန့်ပြီး လေယူလေသိမ်းမှန်စွာနဲ့

“Tomorrow 7 o’ clock မှာ Move လုပ်မယ်လို့ ပြောလိုက်
တာ”

ကျွန်တော် သဘောပေါက်သွားပါပြီ။

“မနက်ဖြန် မနက် (၇)နာရီ ထွက်မည်”

ဟု ပြောလိုက်လျှင်ရသော်လည်း အင်္ဂလိပ်လို အမြဲကြားညှပ်သုံး တတ်သော တပ်ခွဲမှူးနှင့် ပြောသမျှ လှေနံဒါးထစ်မှတ်တတ်သော တိုင်းရင်းသားဆရာကြီးတို့ကြား တွင် တပ်ခွဲမှူးမှ စေတနာကောင်းဖြင့် ပင်ပန်းမှာစိုးနေသော ကျွန်တော်သာ တောင်ကြောကို အသွားအပြန် တက်လိုက်ရခြင်း အဖတ်တင်ကျန်ခဲ့ပါ သည်။

တပ်ခွဲမှူးမှ …

“ဒါနဲ့ … ဆရာကြီးက ညီလေးကို ဘာတွေပြောလို့တုန်း”

“တုန်မောင်တုန် … ဆဲဗင်းအိုကလော့မှာ မုန့်လုပ်မယ်တဲ့ တပ်ခွဲမှူးရဲ့ မွေးနေ့ထင်တယ်တဲ့ … မုန့်ကတော့ ရဲဘော်တွေကို ကျွေးဖိုနေမှာပေါ့တဲ့”

“သေလိုက်ပါတော့ကွာ”

နှလုံးစိတ်ဝမ်းအေးချမ်းပါစေ။

ခွန်သက်တင်ဆန်း