မေး။ ဘုရားသုံးဆူနယ်မြေ အတွင်းမှာ ရှိတဲ့ သဗြုမိုင်းတွင်းကို တပ်ဘက်ကနေ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုပြီး သတင်းတွေမှာ တွေ့နေရပါတယ်၊ ဒီမိုင်းတွင်းဟာ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ဆောင်ရွက်နေတဲ့ မိုင်းတွင်းတွေဆိုပြီး တချို့မီဒီယာတွေက စွပ်စွဲနေပါ တယ်၊ ဒီဖြစ်စဉ်မှာ သေဆုံးသူတွေထဲမှာမှ နိုင်ငံခြားသားတွေပါ ပါဝင်နေတယ်လို့ မီဒီယာတချို့ကလည်း သတင်းရေးသား ဖော်ပြနေတာတွေ တွေ့ရပါတယ်၊ ဒါနဲ့ပတ်သက်ပြီး ဖြစ်စဉ်အမှန်ကို သိလိုပါတယ်။
ဖြေ။ ပထမဦးဆုံး ပြောချင်တာကတော့ ဒီဒေသမှာ ဘုရားသုံးဆူ သဗြုမိုင်းတွင်း ဒေသမှာ အစိုးရက တရားဝင်ခွင့်ပြုထားတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်း၊ သတ္တုရှာဖွေရေး လုပ်ငန်းမရှိဘူးလို့ ကျွန်တော်ပြောချင်ပါတယ်။ ယခင်ကတော့ရှိခဲ့ဖူးပါတယ်၊ ယခင်ကတော့ အဲဒီမှာ ၂၀၁၆ ခုနှစ်မတိုင်ခင်တုန်းက ရှိခဲ့ဖူးပါတယ်၊ တချို့မိုင်းတွင်းတွေရှိပါတယ်၊ သဗြုသတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်ကလုပ်တဲ့ မိုင်းတွင်းတချို့ရှိခဲ့ဖူးတယ်၊ အခြားကုမ္ပဏီဘက်က လုပ်တဲ့ မိုင်းတွင်းတချို့ ရှိခဲ့ဖူးတယ်၊ သူတို့သည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်မှာ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာဖြစ်တယ်။ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့အတွက် သူတို့အနေနဲ့ ဆက်လက်ပြီး လုပ်ကိုင်ရန် အစိုးရကိုလျှောက်ထားတယ်။ အစိုးရအနေနဲ့ကလည်း မိုင်းတွင်းတွေနဲ့ ပတ်သက်ပြီး စာချုပ်သက်တမ်း ကုန်ဆုံးတဲ့အတွက်ကြောင့် ပယ်ဖျက်ခဲ့ပြီးဖြစ်တယ်။ ပယ်ဖျက်ခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့် အကြောင်းကြားစာအနေနဲ့ မိုင်းတွင်းတွေကို အကြောင်းကြားပြီးဖြစ်တယ်။ မိုင်းတူးဖော်ရေး၊ သတ္တုတူးဖော်ရေး ကုမ္ပဏီကို အကြောင်းကြားခဲ့ပြီးဖြစ်တယ်။ သဗြုသတ္တု တူးဖော်ရေး ကုမ္ပဏီလီမိတက်ကို အကြိမ်ကြိမ် အကြောင်းကြားခဲ့တယ်။ အထောက်အထားအရ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁၁ ရက်နေ့မှာ လုပ်ငန်းဖျက်သိမ်းတဲ့ အကြောင်းကို အကြောင်းကြားခဲ့တာရှိတယ်။ အဲဒီနောက်ပိုင်းမှာ KNUတပ်မဟာ(၆)နဲ့ ဆက်စပ်ပြီး အဲဒီလုပ်ငန်းတွေကို လုပ်ကိုင်နေတာဖြစ်တယ်။ တချို့မီဒီယာတွေမှာလည်း ကျွန်တော်တွေ့ပါတယ်။ တရားဝင်ခွင့်ပြုထားတဲ့ မိုင်းတွင်းဆိုပြီး စွပ်စွဲဖော်ပြနေတာရှိပါတယ်။ အဲဒီမှာ လုပ်နေတဲ့သူတွေက ပိုပြီးအသိဆုံးဖြစ်ပါလိမ့်မယ်။ အဲဒီနောက်ပိုင်းမှာတော့ KNU တပ်မဟာ(၆)နဲ့ ညှိနှိုင်းပြီးတော့ တရားမဝင် သတ္တုခိုးတူးမှုလုပ်ငန်းတွေကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဲဒီဒေသက KNU့ တပ်မဟာ (၆)ရဲ့ လှုပ်ရှားမှုနယ်မြေဖြစ်တယ်။ အဲဒီ နယ်မြေမှာ ဘာတွေဖြစ်ခဲ့တယ် ဆိုတာကို ကျွန်တော်တို့ သိခဲ့ပြီးဖြစ်တယ်။ အဲဒီအထက်မှာရှိတဲ့ ကနဲလေး-မော်ခီးလမ်းမှာဆိုရင် လမ်းဖောက်လုပ်နေတဲ့ အရပ်သား (ကျား၊ မ၊ ကလေး (၁၀)ယောက်အပါအဝင်) (၄၇)ယောက်ကို KNDO အဖွဲ့က ဖမ်းဆီးသွားတာရှိတယ်။ လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ထားတဲ့အလောင်း (၂၅)လောင်းကို တွေ့ရတယ်။ စက်တင်ဘာလ ၂၀ ရက်နေ့မှာကြိတ်ရွာမှာရှိတဲ့ ကင်းစခန်း/ လုံခြုံရေးစခန်းကို KNU တပ်မဟာ(၆) နဲ့ PDF အကြမ်းဖက်တွေက တိုက်ခိုက်ခဲ့တာရှိတယ်။ အဲဒီဒေသမှာ ဥကရစ်ထစခန်းလိုဖြစ်စဉ်မျိုးတွေ အပေါ်ဘက်မှာ ဖြစ်ခဲ့တာတွေရှိတယ်။ ဘုရားသုံးဆူဒေသ တစ်ဝိုက်မှာ နှောင့်ယှက်ပစ်ခတ်မှုတွေ၊ ဘုရားသုံးဆူလမ်းကြောင်း တစ်လျှောက်မှာလည်း တိုက်ခိုက်မှုတွေရှိခဲ့တယ်။ ဒီဒေသမှာ တရားမဝင် သတ္တုတူးဖော်ရေး လုပ်ငန်းကိုလည်း KNU တပ်မဟာ(၆)ကပဲ ဦးစီးဆောင်ရွက်နေတာဖြစ်ပါတယ်။ တချို့မီဒီယာက တက်လာတဲ့ ဓာတ်ပုံတွေမှာလည်း ပြောက်ကျားဝတ်စုံတွေ ထင်ထင်ရှားရှားနဲ့ တွေ့ရပြီး KNU တပ်မဟာ(၆)ကလို့ ယူဆရတဲ့ သူတွေပါတယ်။ သူတို့စွပ်စွဲချက်ပေါ့။ တရားမဝင် အဖျက်အမှောင့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့အတွက် ကျွန်တော်တို့က လုံခြုံရေးအရ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ခုနကပြောတဲ့ နိုင်ငံခြားသားတွေ သေနေတယ်ဆိုတဲ့ သတင်းမျိုးတွေလည်း တွေ့ရပါတယ်။ ကျွန်တော်တို့ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ ရှိခဲ့ရင်လည်း ဒါတွေဟာ တရားမဝင် လုပ်ငန်းကို လာရောက်လုပ်ကိုင် နေထိုင်သူတွေပဲဖြစ်ပါတယ်။ အဲဒီလူတွေ ဘယ်လိုရောက်လဲ၊ ဘယ်သူတွေက ခေါ်လာလဲဆိုတာ အဲဒီနယ်မြေမှာ လှုပ်ရှားနေတဲ့ KNU တပ်မဟာ(၆) မသိဘဲနဲ့ ရောက်လာစရာ အကြောင်းမရှိဘူးလို့ ကျွန်တော်ပြောချင်ပါတယ်ဟု ဖြေကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။