“ပရ”ဆိုတာမိမိမှတစ်ပါး
အခြားသူတွေကိုပြောတာ။
“ဟိတ”ဆိုတာအကျိုးစီးပွား၊အကျိုးတရားတွေကိုဖြစ်စေတတ်တဲ့အကြောင်းတရားပဲ။
အခြေအနေကောင်းတွေကိုဆိုလိုတာ။
ဥပမာ-စိုက်ပျိုးရေးလုပ်တဲ့ပုဂ္ဂိုလ်တစ်ဦးဟာ
စိုက်ပျိုးရေးအောင်မြင်ဖို့ မြေကောင်း၊ရေကောင်း၊ရာသီဥတုကောင်းရမယ်။
ဒီလိုအခြေအနေကောင်းရှိမှ အကျိုးဖြစ်ထွန်းမှာဖြစ်သည်။
လောကလူတွေဟာ ကိုယ်ကျိုးမငဲ့ပဲသူတစ်ပါးအကျိုး(ပရဟိတ)လုပ်တာကို ဂုဏ်ယူပြောဆိုနေကြတယ်။
ပရဟိတတစ်မျိုးတည်းနဲ့ လူ့ဘဝကိုဖြတ်သန်းခြင်းသည် မှန်ကန်မှုရှိသလားဆိုတာလေ့လာကြည့်သင့်သည်။
ပရဟိတအကြောင်းကို လေ့လာပါက အတ္တဟိတကိုလည်း လေ့လာရမည်ဖြစ်ပေသည်။
အတ္တဟိတနဲ့ပရဟိတအကြောင်းကို
“ဆဝါလာတသုတ်”မှာမြတ်စွာဘုရားက
ပုဂ္ဂိုလ်(၄)မျိုးခွဲခြား၍ ဟောကြားထားတာရှိပါတယ်။
(၁) မိမိအကျိုးကိုသာလုပ်ပြီး သူတစ်ပါးအကျိုးမလုပ်သူ
(၂ ) အများအကျိုးလုပ်ပြီး မိမိအကျိုးမလုပ်သူ
(၃) မိမိအကျိုး၊ သူတစ်ပါးအကျိုးနှစ်မျိုးလုံးမလုပ်သူ
(၄) မိမိအကျိုး၊ သူတစ်ပါးအကျိုးနှစ်ပါးလုံးလုပ်သူ။
ထိုပုဂ္ဂိုလ်(၄)မျိုးအနက်
နံပါတ်(၃) ပုဂ္ဂိုလ်အား မြတ်စွာဘုရားက လူသေကောင်ရှို့တဲ့ထင်းတုံးနဲ့ ဥပမာပေးထား၏။
လူတွေက လူသေကောင်ရှို့တဲ့ ထင်းတုံးကို မဂ်လာမရှိဘူးဆိုပြီး ဘယ်သူကမှအသုံးမပြုချင်ကြဘူး။
မီးမလောင်သေးတဲ့နေရာမှာလည်း မစင်တွေလူးနေသေးတယ်တဲ့။
ဒီတော့ ထိုထင်းတုံးဟာ ဘယ်နေရာမှအသုံးမဝင်တော့ဘူး။
ဒီလိုပဲ မိမိအကျိုး သူတစ်ပါးအကျိုး နှစ်ပါးလုံးမလုပ်တဲ့ပုဂ္ဂိုလ်ဟာ ဘာမှအသုံးမဝင်တဲ့ပုဂ္ဂိုလ်ပဲ။
နံပါတ်(၄) ပုဂ္ဂိုလ်ကိုတော့ မြတ်စွာဘုရားက ဘယ်လိုဥပမာပေးသလဲဆိုလျှင်
“နွားကနေ နို့ကိုရတယ်”
“ထိုနို့ကိုခမ်းအောင်ကျိုပြီး ဒိန်ချဉ်ကိုရတယ်”
“ဒိန်ချဉ်ကိုချက်လျှင် ဆီဦးကိုရတယ်”
“ဆီဦးကိုထပ်ချက်တဲ့အခါ ထောပတ်ကိုရတယ်”
“ထိုထောပတ်မှာ အနယ်တွေကျန်နေသေးလို့
ထပ်ချက်တဲ့အခါ ထောပတ်ကြည်ကိုရတယ်”
နို့ထွက်ပစ္စည်းထဲမှာတော့ ထောပတ်ကြည်ဟာ
အကောင်းဆုံးပါပဲ။
ဒီလိုပဲလောကမှာ မိမိအကျိုး သူတစ်ပါးအကျိုး
ပရဟိတရော၊အတ္တဟိတရော နှစ်မျိုးလုံး လုပ်သူဟာ အကောင်းဆုံးပုဂ္ဂိုလ်ပဲဖြစ်သည်။
ပရဟိတနဲ့ပတ်သတ်ပြီး သိက္ခာပဒသုတ်မှာ မြတ်စွာဘုရားဟောထားတာရှိ၏။
“မိမိကိုယ်တိုင် ငါးပါးသီလကိုစောင့်ထိန်းသော်လည်း သူတစ်ပါးကို စောင့်ထိန်းအောင်မလုပ်ပေးနိုင်ဘူး”တဲ့။
ထိုသူသည် (အတ္တဟိတ)မိမိအတွက်သာလုပ်ပြီး
(ပရဟိတ)တစ်ပါးသူအတွက်မလုပ်တဲ့ပုဂ္ဂိုလ်ဖြစ်သည်။
“သူတစ်ပါးကို ငါးပါးသီလလုံအောင် တိုက်တွန်းပြောဆိုသော်လည်း မိမိကိုယ်တိုင်က အရက်သောက်လိုက်၊
သူတစ်ပါးပစ္စည်းခိုးလိုက်၊ သူတစ်ပါးအသက်ကိုသတ်လိုက်နဲ့ သီလမလုံသူများလည်းရှိ၏”
ထိုသူသည် (ပရဟိတ)သူတစ်ပါးအတွက်သာလုပ်ပြီး၊ (အတ္တဟိ)မိမိအကျိုးအတွက် မလုပ်ရာရောက်ပေသည်။
“ကိုယ်လည်းငါးပါးသီလမလုံ၊ သူတစ်ပါးကိုလည်း သီလလုံအောင်မတိုက်တွန်းသော သူလည်းရှိ၏”
ထိုသူသည် အတ္တဟိတ၊ ပရဟိတ နှစ်ပါးလုံးမရှိသူ
လောကအတွက်အကျိုးမရှိသူဖြစ်သည်။
“မိမိကိုယ်တိုင်လည်း ဆွမ်းလောင်းသည်၊ သူတစ်ပါးကိုဆွမ်းလောင်းရန် တိုက်တွန်းသည်၊
မိမိကိုယ်တိုင်လည်း ဥပုသ်စောင့်သည်၊ သူတစ်ပါးကိုလည်း ဥပုသ်စောင့်စေသည်၊
မိမိကိုယ်တိုင်တရားနာသည်၊ သူတစ်ပါးလည်း တရားနာစေသည်၊
မိမိကိုယ်တိုင် ကမ္မဌာန်းတရားပွားများအားထုတ်တယ်၊ သူတစ်ပါးကိုလည်း ကမ္မဌာန်းတရား ပွားများအားထုတ်စေတယ်”
ထိုပုဂ္ဂိုလ်သည် ပရဟိတ၊အတ္တဟိတ နှစ်ပါးလုံးပြုလုပ်သူ ဖြစ်သည်။
“တရားနာယူမှတ်သားခြင်းသည် အတ္တဟိတမည်၏။
ထိုနာယူထားသောတရားများအား ပြန်လည်ပြောပြခြင်းသည် ပရဟိတမည်၏”
“မိမိကိုယ်တိုင် လေ့လာခြင်းသည် အတ္တဟိတ မည်၏။
သူတစ်ပါးကို ပြန်လည်သင်ကြားပြောပြပေးခြင်းသည် ပရဟိတ မည်၏”
ထိုအကြောင်းအရာများကို”ခိပ္ပနိသန္တိသုတ်” ၌မြတ်စွာဘုရားဟောကြားတော်မူထား၏။
အမြင့်ဆုံးဖြစ်သည့် အတ္တဟိတသည် မိမိသန္တာန်၌ရှိသော ရာဂ၊ဒေါသ၊မောဟတို့ကို ကင်းစင်အောင်ကြိုးစားခြင်းပင်ဖြစ်သည်။
အမြင့်ဆုံးဖြစ်သည့် အတ္တဟိတ၊ ပရဟိတအကြောင်းကို မြတ်စွာဘုရားက
“ရာဂဝိနယသုတ်”၌ ဟောကြားထား၏။
လောကလူတို့သည် အတ္တဟူသောစကားကိုကြားလိုက်လျှင် တစ်ကိုယ်ကောင်းဆန်တယ်၊
ကိုယ့်အကျိုးသာကြည့်တဲ့သူဆိုပြီး ကဲ့ရဲ့တတ်ကြ၏။ အတ္တဟိတမရှိလျှင် မိမိအကျိုးအတွက် ကုသိုလ်ကောင်းမှုလည်းလုပ်မည်မဟုတ်၊၊
နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းလည်း ကျင့်မည်မဟုတ်ပေ။ ထိုအခါ သံသရာဝဋ်ဒုက္ခမှ ကင်းလွတ်နိုင်တော့မည် မဟုတ်ပေ။
ဒါ့ကြောင့် ပရဟိတတစ်မျိုးတည်းလုပ်ရုံနဲ့ ဒုက္ခဆင်းရဲမှမလွတ်ကင်းနိုင်ပါဘူး။
ဒါ့ကြောင့် အမြင့်ဆုံးဖြစ်သည့် ပရဟိတ၊ အတ္တဟိတ နှစ်မျိုးလုံး လုပ်နိုင်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေ…