ကဲ့ရဲ့ခံရတဲ့အခါ
စိတ်မကောင်းသိပ်မဖြစ်သင့်ဘူး။
သူတို့စိတ်ထဲ မကောင်းဘူးလို့ထင်လို့ဖြစ်မှာပေါ့။
ထင်စရာအကြောင်းလည်းရှိလို့နေမှာပေါ့။
ကိုယ်လည်းသူများကိုထင်သလိုပဲပေါ့။
စကားဆိုတာ
သူတို့စိတ်ထဲမှာရှိတာကို ဖွင့်ဟပြလိုက်တာ။
ချီးမွမ်းတယ်ဆိုတာ
မင်းကိုကောင်းတယ်ထင်ကြောင်း၊ ကဲ့ရဲ့တယ်ဆိုတာ
မကောင်းဘူးထင်ကြောင်း ပြလိုက်တာ။
အဲဒီစကားတွေကတဆင့်
ကိုယ့်ကိုမုန်းတယ်၊ မကောင်းထင်တယ်ဆိုတာကို ခံစားရတယ်။
အဲဒီအခါ စိတ်ထဲတော်တော်ခံစားရလိမ့်မယ်။
သူများရဲ့အထင်ကြီးကို ကိုယ်က ခံစားတာနော်။
သေသေချာချာစဉ်းစားကြည့်။
သူများကကိုယ့်ကိုချစ်တယ်လို့ထင်ရင်တော့
တော်တော်၀မ်းသာတယ်။ ပျော်တယ်။
သူ့စိတ်ထဲဖြစ်တဲ့အထင်ကို ဘယ့်နှယ်ကြောင့်
ကိုယ်က ဒီမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေရသလဲ။
စဉ်းစားကြည့်ရင်တော်တော်လည်း စိတ်၀င်စားစရာကောင်းတယ်။
ဒီလောကဓံတွေကို လူမိုက်တွေရဲ့တုန့်ပြန်ပုံက ဒီလိုပါ။
ဒါတွေဟာ မမြဲ၊ ဆင်းရဲ၊ အနှစ်မရှိဘူး ဆိုတာကိုမသိဘူး။
ဒီတော့ ကောင်းတယ်လို့ထင်ရင်
၀မ်းသာ၊ ယစ်မူး၊ စွဲလန်းတယ်။
မကောင်းဘူးလို့ထင်ရင် ၀မ်းနည်း၊ ကြေကွဲပြီး မလိုချင်ဘူး။
တကယ်တော့ စွဲလန်းတယ်ဆိုတာဟာ
နောင်တစ်ချိန်မှာ အကြီးအကျယ် ပူရာပူကြောင်းကို ကြိုလုပ်နေတာ။
ကိုယ့်ကိုကိုယ်ဆင်းရဲအောင် ဘွတ်ကင် ကြိုလုပ်ထားသလိုပဲ။
ပညာရှိတွေကတော့
ဒါတွေဟာ မမြဲ၊ ဆင်းရဲ၊ အစိုးမရဘူးဆိုတာ သိတယ်။
အကြောင်းကြောင့်ဖြစ်တဲ့အကျိုးတွေပဲ…အချိန်တန်ရင်
ပြီးသွားမှာပဲဆိုတာကို သိတယ်။
တကယ်တော့ အသက်ရှုနေသမျှ လောကဓံတွေဖြစ်နေတာပဲ။
” သစ္စာရွှေစည်ဆရာတော် “