အစိမ်းရောင် မပြယ်လွင့်ကုန်သော

အပိုင်း(၈)

“ရွှေမေတ္တာထားတယ်လားကွာxxx ငရုတ်သီးတွေလောက်တော့သနားတယ်xxx”

“အိမ်ထိအောင် တို့လိုက်စားမယ်xxx မင်းအသည်းလေးကျက်ပြီလားxxx’’

အောင်မင်္ဂလာရွာထဲရှိ သင်္ကြန်မဏ္ဍပ်ဆီကထွက်ပေါ်လာသော သီချင်းသံများနှင့် ရေကစားနေသူတို့၏ မြူးတူးဟစ်အော်ကခုန်နေကြသံများက ဘုန်းကြီးကျောင်းဝင်းထဲအထိ ပျံ့လွင့်လာသည်။ ထိုသီချင်းသံများဆီ စိတ်ရောက်သွားသည့်ခဏ ဦးဇင်းဆွေလင်းအောင်မှာ အာရုံမလွင့်ပါးစေရန် စိတ်ကိုစုစည်းပြီး ထိုင်လျက်တရားမှတ်နေလိုက်သည်။

“ဦးဇင်း… ဦးဇင်း”

နားထဲခေါ်သံကြား၍ မျက်လုံးဖွင့်ကြည့်လိုက်တော့ ဘေးနားရောက်နေသည့် ဦးဇင်းရဲကိုကို။ သူက စစ်အခြေခံသင်တန်းဆင်းလာသည်မှာ သိပ်မကြာသေး။ လူကဖြူဖြူသေးသေးဖြင့် ကလေးရုပ်ပေါက်နေသောကြောင့် ဆရာကြီးများကို သူ့ကို “သားလေး” ဟုခေါ်ကြသည်။ သူ့ပုံစံကိုကြည့်လိုက်တော့လည်း မကျေမနပ်ဖြစ်ကာ စိတ်ရှုပ်နေသည့်ပုံ။

‘‘ဘာတုန်း… ဦးဇင်း’’

‘‘ဦးဇင်းဗိုလ်ကြီးကို တိုင်စရာရှိလို့’’

‘‘ဟင်… ဘာဖြစ်ပြန်ပြီတုန်း’’

‘‘ဟို… ခေါင်းရင်းက ဘုရားဘေးမှာ ဦးဇင်းဇေယျာတို က နေကြလိုပါ’’

‘‘ဟေ…’’

သင်္ကန်းဝတ်ကြီးများဖြင့် အဲဒီလိုဖြစ်နေမည်စိုး၍ ဒုလ္လဘစမဝတ်ခင်ကတည်းက သေချာမေးမြန်းထားပြီးသား။ နေနိုင်ပါသည်ဟု အာမခံသောကြောင့် ဒုလ္လဘဝတ်ခဲ့ကြရာ ယခုတော့ မြင်မကောင်း၊ ကြားမကောင်းဖြစ်တော့မည်။ ရသည့်အချိန်တွင် ကုသိုလ်ရအောင်ယူရန်လည်း မနေ့ကထပ်မှာထားပြီးဖြစ်ရာ ယခုအဖြစ်ကို ကျောင်းထိုင်ဆရာတော်မြင်လျှင်ပင် မကောင်းဖြစ်တော့ မည်။ ဦးဇင်းဆွေလင်းအောင် စဉ်းစားနေစဉ်တွင် ဦးဇင်းရဲကိုကိုက ဆက်ပြောပြန်သည်။

‘‘အဲဒါကို တပည့်တော်က ဦးဇင်းဗိုလ်ကြီးနဲ့သွားတိုင်မယ်လိုပြောတော့ သူတိုက ဘာပြန်ပြောတယ်ထင်လဲ ဘုရာ့’’

‘‘ဘာပြန်ပြောလဲ’’

‘‘မင်းဘာသာ သွားတိုင်ရင်တိုင် မတိုင်ရင်နေ၊ ဦးဇင်းဗိုလ်ကြီးနဲ့ ငါတိုက တစ်ပတ်စဉ်တည်းကွ ကြားလားလို ပြန်ပြောပါတယ်’’

‘‘အင် . . . ’’

‘‘အဲဒါ တပည့်တော်က အစတော့ မတိုင်ဘူးလိုပဲ၊ ဦးဇင်းဗိုလ်ကြီးနဲ့ တစ်ပတ်စဉ်တည်းလိုပြောလို့ လာတိုင်တာဘုရား၊ မဟုတ်ကဟုတ်ကပြောတဲ့ ဦးဇင်းတွေကို လိုက်ဆုံးမပေးပါ’’

ဦးဇင်းရဲကိုကိုက မလိုက်လျှင် ထမည့်ပုံမရှိ။ အသေအချာကိုပြောပြရင်း တစ်ပတ်စဉ်တည်းဟူသည့်ကိစ္စကို ဝေခွဲမရဖြစ်ကာ မကျေနပ်၍လာတိုင်သည့်ပုံဖြစ်၏။ ဖြစ်နိုင်လျှင် ကလေးကလူကြီးကို အတင်းလက်ဆွဲခေါ်သွားသလို ခေါ်သွားမည့်ပုံစံလည်းဖြစ်သည်။

‘‘ကဲကဲ… ဦးဇင်းလိုက်ဆုံးမပေးမယ်၊ ဟုတ်ပြီလား’’

‘‘တင်ပါ့ဘုရား၊ သူတို က နေတဲ့နေရာကို တပည့်တော်လိုက်ပြပါမယ်’’

ပြောပြောဆိုဆို ရှေ့ကဦးဆောင်ထွက်သွားသော ဦးဇင်းရဲကိုကိုနောက်သို ဦးဇင်းဆွေလင်းအောင်တစ်ပါး ထက်ကြပ်မကွာလိုက်သွားရတော့သည်။ ဘုန်းကြီးကျောင်းခေါင်းရင်းရှိ စေတီနားအရောက်တွင် ဦးဇင်းရဲကိုကိုက “ဟိုး… မှာပါ” ဟု လက်ညှိးထိုးရင်း ညွှန်ပြလိုက်သည်ကို ကြည့်လိုက်ရာ စေတီဘေး ဝါးရုံတောအောက်၌ ကိုယ်တော်သုံးပါးမှာ လွတ်လပ်ပေါ့ပါးစွာ ဘရိတ်ဒန့်ဆွဲတော်မူနေသည်ကို တွေ့လိုက်ရသည်။

‘‘ဆိုင်းသံကို ကြားxxx ကြားရုံနဲ့xxx ဘယ်သူတွေတားလိုမှ မနေနိုင်ပေါင်xxx ဆိုင်းကြိုက်တဲ့ မောင်xxx”

မဏ္ဍပ်ဆီကထွက်ပေါ်လာသော တေးသံနှင့်အတူ စည်းချက်ကျကျလိုက်ကနေသည့် ဦးဇင်းဇေယျာ၊ ဦးဇင်းချစ်ဖြိုးဝေနှင့် ဦးဇင်းမြိတ်သားခေါ် ခင်ဇော်ဦးတို သုံးပါးကား ဦးဇင်းဆွေလင်းအောင်ကြည့်နေသည်ကို စိုးစဉ်းမျှမရိပ်စားမိ။ သုံးပါးသား ကနေလိုက်ကြသည်မှာ ယိမ်းအဖွဲ များပင်လျှင် သူတိုလောက် ညီညာမည့်ပုံမရှိ။ အကွက်ဆန်းမျိုးစုံထုတ်ကာ ကကြိုးဆင်နေသည်မှာလည်း ကြည့်၍ပင်ကောင်းသေးတော့၏။

‘‘ဟို ကိုယ်တော်တွေ…’’

ဦးဇင်းဆွေလင်းအောင်၏ အောင်မြင်ထည်ဝါသောအော်သံအဆုံး ကိုယ်တော်သုံးပါးမှာ အသံလာရာသို ချာခနဲလှည့်ကြည့်ရင်း ဘရိတ်ဒန့်ဆွဲခြင်းအမှုကို တုန့်ခနဲရပ်တော်မူလိုက်ကြသည်။

‘‘ဘာကိစ္စ သင်္ကန်းဝတ်နဲ့ ကနေကြတာလဲ၊ ဘုန်းကြီးဝတ်နေတာ နားမလည်ဘူးလား’’

‘‘—————-’’

ကိုယ်တော်သုံးပါးသည်ကား နှုတ်တော်များပိတ်တော်မူလျက် တစ်ပါးမျက်နှာကိုတစ်ပါး အပြန်အလှန်ရှုစားတော်မူနေကြသည်။

‘‘ဒီရုပ်တွေကိုပဲ အချင်းချင်းကြည့်မနေနဲ့၊ ဘာလို့ ကနေတာလဲ မေးတာကိုဖြေ’’

ဦးဇင်းဆွေလင်းအောင် စိတ်မရှည်စွာ ထပ်မေးတော့ စီနီယာအကျဆုံး ဦးဇင်းဇေယျာက ပြန်ဖြေသည်။

“ဟို… တပည့်တော်တို့ သီချင်းသံကြားတာနဲ့ မနေနိုင်လို့ပါ”

‘‘ဘာ… သီချင်းသံကြားတာနဲ့မနေနိုင်ရအောင် လူဝတ်ကြောင်မှတ်နေလား၊ ဦးဇင်းတို့က သင်္ကန်းမှအားမနာဘူး၊ အစောတည်းက မနေနိုင်ရင် ဘုန်းကြီးမဝတ်နဲ့လေ၊ ခုကျတော့ မြင်မကောင်း၊ ကြားမကောင်း ကခုန်နေသေးတယ်’’

“သွားသွား… ကျောင်းထဲပြန်ဝင်ကြ”

ဦးဇင်းဆွေလင်းအောင်က ကနေကြသော ကိုယ်တော်များအား ကျောင်းအတွင်းပြန်ဝင်ရန် ပြောလိုက်ပြီး တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် လှမ်းတားလိုက်သည်။

‘‘နေအုံး… နေအုံး… ဦးဇင်းတွေ’’

‘‘အမိန့်ရှိပါဘုရား’’

‘‘ကိုယ်တော်တို့က ကျုပ်နဲ့တစ်ပတ်စဉ်တည်းလို့ပြောတယ်ဆို ဟုတ်လား၊ ပြောစမ်းပါအုံး ကိုယ်တော်တို့က ဘယ်အပတ်စဉ်ကနေ ဘယ်ကျောင်းကဆင်းတော်မူလာတာလဲ’’

ဦးဇင်းဆွေလင်းအောင်က အမေးရှိလေသော် ဦးဇင်းဇေယျာတို့သုံးပါးသား ပြုံးစိစိဖြင့် ပြန်ဖြေလိုက်ကြပုံက မှတ်သားစရာ။

“တပည့်တော်တို့က ဦးဇင်းဗိုလ်ကြီးနဲ့တစ်ပတ်စဉ်တည်းလို့ပြောတာက ဟို… ဒုလ္လဘဝတ် တစ်ပတ်စဉ်တည်းလို့ ပြောတာပါဘုရား… ဟီးဟီး”

ပြောပြောဆိုဆို ကျောင်းဘက်ဆီ ခပ်မြန်မြန်သုတ်ချေတင်သွားကြလေသော ကိုယ်တော်များကို ဦးဇင်းဆွေလင်းအောင်မှာ ငေးကြည့်ရင်းသာ ကျန်ခဲ့ရတော့သည်။

“ဒုလ္လဘဝတ်တစ်ပတ်စဉ်တည်းဆိုပါလား…”

နေဇင်(ပေါက်ခေါင်း)