ဖိလစ်ပိုင် ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်။
တစ်ခါတုန်းက ဖားလေးတစ်ကောင်ဟာ ရေကန်ကြီးတစ်ကန်ဘေးမှာ ဆော့ကစားနေရင်း
၂ ပေခွဲလောက်နက်တဲ့ တွင်းတစ်တွင်းထဲကို ပြုတ်ကျသွားတယ်။
တွင်းထဲပြုတ်ကျသွားတော့ ဖားလေးလည်း ကြောက်လန့်ပြီး တဂွမ်ဂွမ်နဲ့ အော်ဟစ် အကူအညီတောင်းတာပေါ့။
ဖားလေးအော်တဲ့အသံကြားတော့ သိပ်မလှမ်းမကမ်းတစ်နေရာမှာဆော့နေတဲ့ တခြားဖားလေးတွေ ရောက်လာတယ်။
ရောက်လာလာချင်းပဲ တွင်းထဲကို ငုံကြည့်ပြီး ” နည်းတောင်နည်းသေးတယ်၊ အရမ်းဆော့တာကိုး၊
အခုတော့ တွင်းထဲ ကျပြီးမလား၊ ကိုယ့်ထိုက်နဲ့ ကိုယ်ကံပဲ၊ ငါတို့လည်း မကယ်တတ်ဘူး” ဆိုပြီး ဒီတိုင်း ပစ်ထားခဲ့ကြတယ်။
အဲ့လိုနဲ့ နောက်တစ်ရက်လောက်လည်းနေရော ဖားလေးဟာ တွင်းပေါ်ကို ပြန်ရောက်နေတယ်။
သူ့ကိုမကယ်ခဲ့တဲ့တခြားဖားတွေဟာ ဖားလေးတွင်းပေါ် ပြန်ရောက်နေတာ မြင်တော့ “မင်း ဘယ်လိုလုပ်ပြီး တွင်းပေါ် ပြန်ရောက်နေတာလဲ၊ မင်းကို ဘယ်သူကယ်တာလဲ” ဆိုပြီး မေးကြတာပေါ့။ ဒါပေမဲ့ ဖားလေးက ပြန်မဖြေဘူးတဲ့။ အကြိမ်ကြိမ်အခါခါ မေးတော့မှ ဖားလေးက…
“မင်းတို့ ငါ့ကို ဘာပြောနေတာလဲ၊ ငါ နားပင်းနေလို့ မင်းတို့ပြောတာ မကြားရဘူး” လို့ ပြန်ပြောလိုက်တယ်တဲ့။
တကယ်တော့ ဖားလေးဟာ နားတကယ်မကြားတာ မဟုတ်ပါဘူး။ သူ နားမကြားချင်ယောင်ဟန်ဆောင်နေတာပါ။
သူဒုက္ခရောက်နေတဲ့အချိန် သူ့ကို မကယ်ဘဲ အပြစ်တင်နေသူတွေရဲ့ ပြောစကားတွေကို မကြားချင်ယောင်ဆောင်ခဲ့တာပါ။
မကြားချင်ယောင်ဆောင်ပြီး “သူတို့ငါ့ကို အားပေးနေတာပဲ” လို့ သဘောထားကာ တွင်းပေါ်ကို
ခုန်လိုက်တဲ့အတွက် ဖားလေး လွတ်မြောက်သွားတာ ဖြစ်တယ်။
လက်တွေ့ဘဝမှာလည်း ကျွနိတော်တို့တွေဟာ ဖားလေးလို့ တစ်ခါတလေ နားမကြားချင်ယောင်ဆောင်ဖို့ လိုတဲ့အချိန်တွေ ရှိလာတတ်တယ်။
ကိုယ့်ကို ဝေဖန်ပြစ်တင်နေတဲ့စကားတွေ၊ ကိုယ့်ကိုမကောင်းပြောနေတာတွေ ဘယ်လောက်ပဲ ဆိုးသွမ်းနေပါစေ၊
“ငါ့ကို အားပေးနေတာ၊ ငါ့ကို အကောင်းပြောနေတာ” လို့သာ သဘောထားလိုက်ပါ။
တစ်ခါတလေမှာ ကျွန်တော်တို့ကို ပြစ်တင်ဝေဖန်နေသူတွေရဲ့ ပြောစကားဟာ ကျွန်တော်တို့ကို အမြင့်ကိုရောက်စေဖို့ တွန်းအားတစ်ခုလို ဖြစ်စေတတ်ပါတယ်။