ရှေးခေတ်မြန်မာ့တပ်မတော်သားတွေရဲ့ အဓိကလက်နက်တစ်ခုဖြစ်တဲ့ ငှက်ကြီးတောင် ဓါး

ဓါး ပုံစံမှာ အရင်းတွင် လက်နှစ်သစ်သာရှိ၍ အဖျားတွင် လက်သုံးသစ်မှ လက်လေးသစ်ခန့် ရှိသည်။ ငှက် အတောင်ကဲ့သို့ အရင်းမှ အဖျားဘက်သို့ ကော့ပြီး တက်သွားသောကြောင့် ငှက်ကြီးတောင်ဟု ခေါ်ဆိုခြင်းဖြစ်သည်။ခုတ်ဓါးလိုလည်း သုံးနိုင်သည်။ ထိုးဓါးလိုလည်း သုံးနိုင်သည်။ ပိုင်းဓါးလိုလည်း သုံးနိုင်သည်။ ပေါက်ဓါးလိုလည်း သုံးနိုင်သည်။ဓါး အရှည် မှာ အသွား တစ်တောင့်၊ တစ်ထွာ၊ တစ်မိုက် (၃၃ လက်မခန့်)၊ အရိုး တထွာ (၁၀ လက်မခန့်) ရှိ သည်။

ဓါးရိုး(ဓါးနှောင့်)ဓါး တလက် ၏ အသက်မှာ ဓါးရိုးဖြစ်သည်။ ဓါးသွားကောင်းပြီး ဓါးရိုး မကောင်းပါက ဓါးကျွတ် ထွက်သွား မည် ဖြစ်သည်။ ဓါးရိုးကို ကြေး၊ ငွေ၊ ရွှေ မိမိတို့ ကြိုက်နှစ်သက်သလို ပြုလုပ်ကြသည်။လက်ကိုင် မကျွတ်ထွက်စေရန် ဓါးရိုး သံကို ဓါးနှောင့်နှင့် မြဲအောင် တစ်ခါထဲ သက်ရိုက်ထားသည်။ဓါး လက်ကိုင်(ဓါးရိုး) ၏ အဆုံးတွင် ရွှေ၊ ငွေ၊ မိုးကြိုးသွား တို့ဖြင့် ပြုလုပ်ထားသော ငယ် ဟုခေါ်သည့် ဘုချွန်လေး ရှိသည်။

ဓါးပြီး၊ တုတ်ပြီးသော သူများအား ထို ငယ်ဖြင့် ထုရိုက်ပါက သေလေသည်။ဓါးကောင်း သတ်မှတ်ပုံဓါး ၏ အလေးချိန်မှာ အတိအကျ မရှိသော်လည်း ဓါး အလယ်မှ ကိုင်ကာ လက်ဖဝါးပေါ် တင်ပါက ငြိမ်နေရမည်။ အရှေ့ဘက် ကို ညွတ်ကျပါက ဦးလေးသော ဓါးဖြစ်ပြီး၊ အနောက်ဘက်ကို ညွတ်ပါက ဓါးနှောင့်လေးသော ဓါးဖြစ် သည်။ထိုသို့သော ဓါးမျိုးများသည် ဓါးကောင်း စာရင်း မ၀င်ပါ။ အရှေ့နောက် မညွတ်ဘဲ ငြိမ်နေသည့် ဓါးမျိုးမှ ဓါးကောင်းစာရင်း၀င်သည်။

မြန်မာ သမိုင်းကြောင်း တစ်လျှောက် ငှက်ကြီးတောင် ဓါးရဲ့ အစွမ်းကို ရန်သူတိုင်းက လေးစားခဲ့ရသည်။
————————————————————————————————————————————————————————————————
မြန်မာ့သမိုင်းတွင် သုံးခဲ့သောဓါးများ

မင်းကြီးရန်နောင်၏ ယိမ်းနွဲ့ပါးဓါး(ရဟန်းသံဃာတော်များကို သတ်ဖြတ်သည့် သိုဟန်ဘွား၏ ခေါင်းဆေးမင်္ဂလာပွဲတွင် သိုဟန်ဘွားကို ခုတ်ရာ ဦးခေါင်းနှင့်တကွ ခင်းထားသည့် ဝါးပိုးဝါး ကြမ်းခင်းမှ ဝါး ၅လုံးပါ ပြတ်သည်)

ဒွတ္တပေါင်မင်းကြီး၏ ဓါး (တစ်ချက်ထဲနှင့် နွားလည်ပင်း အကွင်းလိုက် ပြတ်သည်။)

စစ်ကိုင်းမင်း အသင်္ခယာစောယွန်း ၏ ညိုရောင်ဓါး (ဆင်လည်ပင်းကို ဖြတ်နိုင်သည်။)

ပထမ မင်းခေါင်(မင်းဆွေ)၏ စိန်သွားရောင်ဓါး (နှစ်မိုက်ခန့်ရှိသော ငွေတုံးကို ပြတ်သည်။)

ဗျည်းနွဲ့၏ဓါး (ကျောက်ထု တစ်တောင်ကို ပြတ်သည်။)

မက္ခရာမင်းသားကြီး၏ မက္ခရာဓါး (ဓါး ဓါးခြင်း ခုတ်လျှင် ရန်သူ့ဓါးထက်ပိုင်း ပြတ်သည်။)

ရတနာသိဃ်ဓား ( လက်ရှိ အင်္ဂလန် ပြတိုက်တွင်ရှိသည်။ )

ငှက်ကြီးတောင်ဓါးဖြင့် ကစားရသော ဓါးသိုင်းပညာရပ်များတွင် ဓားကြီး (၄)ပါး နှင့် ဓားစုံ (၁၀)ချင်းသည် ၃၇ ချင်း၏ အခြေခံဓားကွက်များ ဖြစ်ကြသည်။

၃၇-ချင်းဟုသာ ဆိုသော်လည်း ဓားရေး တစ်ချင်းလျှင် အပိုဒ်ခွဲပေါင်းများစွာ ပါ၀င်နေပါသည်။ ၃၇-ချင်းဓားတွင် ဓားကွက်များမှာ မျက်နှာအနီး၊လည်ပင်းအနီး စသည်ဖြင့် ပွတ်ကာ သီကာ ကစားရသောအကွက်များ ၊ ဘယ်နှင့်ညာ တပြိုင်နက်တည်းမှာပင် မတူညီသော ဓားကွက်များ ပါ၀င်သည်။

မြန်မာမင်းများလက်ထက်တွင် ဓါးရေး ၃၇ ချင်း တတ်မှသာ တပ်မှူးအဖြစ် လည်းကောင်း၊ တပ်ဗိုလ်အဖြစ် လည်ကောင်း ခန့်အပ်သည်။မြန်မာမင်းများလက်ထက် ပြာသိုလ မြင်းခင်းသဘင်ပွဲတွင် ယှဉ်ပြိုင်ရသော ဓါးပြိုင်ပွဲများတွင် ဓါးရေး ၃၇ ချင်းဖြင့် အစွမ်းပြခဲ့ကြသည်။

ထိုဓါးရေး ၃၇ ချင်းမှာ………..1. ဓားချီ2. ဓားခင်း3. မျက်နှာကာ4. ဓားလှ5. ဓားလျှိုး6. မှောက်ထိုးရပ်7. ရင်ခွဲ8. အသားလှန်9. ဓားခုတ်10. ဇင်ယော်သုတ်11. တဖက်ထိုး12. ရှေ့လှည်း13. နောက်လှည်း14. ရွှေနှုတ်မြွက်ယာလှ15. ရွှေနှုတ်မြွက်ဝဲလှ16. စွန်သုတ်17. ပါးကပ်18. ပန်းကုံးဖြတ်19. ဓားလွှင့်20. ပန်းကုံးသီ၊21.

ဆက်ရက်ခုန်22. မီးတိုင်ပြ23. ပိုးချည်လွှား24. သက်တင်ရေသောက်25. ရွှေဘယက် လည်လျောက်26. ဒေါင်းမြီးကာ27. ကျားမြီးဆွဲ28. ဓားရွက်29. လက်ကောက်၀တ်30. မောင်းကပ်31. ရွှေနှုတ်လည်လျောက်32. နောက်လည်လျောက်33. ဓားသွဲ့34. ဓားပြ35. တဖက်နှုတ်36. နှစ်ဖက်နှုတ်37. နောက်လှည့် တို့ဖြစ်ပါသည်။

(ယခုခေတ်တွင် မြန်မာ့ဓါးရေးအကြောင်း စိတ်ဝင်စားသူ နည်းပါးသွားကြသဖြင့် ဗဟုသုတအလို့ငှာ ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။)
တပ်မတော်သားများအနေနဲ့လည်း ငှက်ကြီးတောင်ဓါးကဲ့သို့ ဓားမျိုးအသုံးမပြုပေမယ့် သစ်ခုတ်၊ဝါးခုတ် အတွက်လည်း ဓားကိုအသုံးပြုနေရဆဲပင်ဖြစ်ပါတယ်။

credit..Original uploader နော်ဂဲလယ်ထူး (စာပေရဟိတ)